ရွှေလုပ်သား Page ၏ ရေးသားမှုအပေါ် MOEAF က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ MATမှ ဦးကျော်သောင်းအား မေးမြန်းစစ်ဆေးနေ

ရွှေလုပ်သား Page ၏ ရေးသားမှုအပေါ် MOEAF က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ MATမှ ဦးကျော်သောင်းအား မေးမြန်းစစ်ဆေးနေ
Published 3 August 2016
မျိုးဇော်ဦး

အွန်လိုင်းပေါ်တွင် ရွှေလုပ်သား Page ၏ ရေးသားမှုတစ်ခုအပေါ် ပြည်တွင်းအခြေစိုက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ပန်းဘဲတန်းရဲစခန်းမှ ဒုရဲအုပ် မောင်မောင်မြင့်က  သြဂုတ် ၃ ရက်တွင် ပြောကြားသည်။
 
အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ ရွှေလုပ်သား Page ကို ထူထောင်ထားသော ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းအား မေးမြန်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၎င်းထံမှ သိရသည်။ 
 
“MOEAF က အတွင်းရေးမှူး ဦးကျော်ထင်ကျော်က တရားလိုလုပ်ပြီး လွန်ခဲ့တဲ့ လေးလပိုင်းတုန်းက ရွှေလုပ်သား page ကနေပြီးတော့ ( ပွဲစားနဲ့ အစိုးရ ပေါင်းစားခဲ့ကြတဲ့ MoU စားခွက်ကို အတာရေနဲ့ ဆေးကြောပါ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ဖော်ပြခဲ့ဖူးတယ်ပေါ့။ အဲဒါနဲ့  ပတ်သက်ပြီး ဒီ Page ပေါ်မှာ ရေးတဲ့ စာရေးဆရာ မောင်ပေါ်ထွန်းကို ဖော်ထုတ်ပေးပါဆိုပြီး တိုင်လာတဲ့အတွက်ပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဦးကျော်သောင်းကို စုံစမ်းမေးမြန်းတာပေါ့။ အဲဒီ Page မှာ MAT တံဆိပ်လည်း ပါတယ်လေ။ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ကူညီတဲ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ အခါကျတော့ သတင်းစာရှင်းလင်းပွဲလည်း လာလုပ်တယ်ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တာနဲ့ စုံစမ်းထောက်လှမ်းတဲ့ သဘောပါပဲ။ လူမှုကွန်ရက်ပေါ်မှာ ဒီစာသားတွေကို တွေ့ရတဲ့အတွက် ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်တာပါဗျ။ ဒါပေမဲ့ ဦးကျော်သောင်းပါလို့ တိုက်ရိုက်အမှုဖွင့်တာ မဟုတ်သလို စုံစမ်းဖော်ထုတ်ခိုင်းတဲ့ သဘောပါ။ ဖော်ထုတ်ဖို့အတွက် စုံစမ်းထောက်လှမ်းနေတုန်းပဲ ဖြစ်ပါတယ်” ဒုရဲအုပ်မောင်မောင်မြင့်က ပြောကြားသည်။ 
 
ယင်းကဲ့သို့ အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ တရားလိုဖြစ်သူ (MOEAF) မှ အတွင်းရေးမှူး ဦးကျော်ထင်ကျော်ကို ဆက်သွယ်မေးမြန်းရာ ၎င်းက “အမှုဖွင့်ထားတာတော့ သုံး လေးလ ရှိပြီ”ဟု ပြောကြားသည်။
 
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်း က “ အခြားအလုပ်သမားကိစ္စ၊ နိုင်ငံရေးကိစ္စနဲ့ ဝင်ရေးတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့က အများပြည်သူလည်း အကျိုးရှိမယ်။ နောက်တစ်သီးပုဂ္ဂလ တိုက်ခိုက်တာ မပါဘူး။ အများကောင်းကျိုးအတွက် ဆိုရင်တော့ ကျွန်တော်တို့က တင်ပေးတာပဲ ” ဟု အမှုနှင့် ပတ်သက်၍ ဖြေကြားသည်။
 
မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သည် မြန်မာနိုင်ငံရှိ လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ စုပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) သည် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ 
 
 

Most Read

Most Recent