နိုင်ငံတကာအဆင့်မီ ရေအောက်ငါးကမ္ဘာ တည်ဆောက်ခြင်းနှင့် ပြသခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့် CMP အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းသုံးခု MIC မှ ထပ်မံခွင့်ပြု

နိုင်ငံတကာအဆင့်မီ ရေအောက်ငါးကမ္ဘာ တည်ဆောက်ခြင်းနှင့် ပြသခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့် CMP အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းသုံးခု MIC မှ ထပ်မံခွင့်ပြု
Published 1 August 2016
နီလာ

၂၀၁၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပ သည့် (၁၄/၂၀၁၆) ကြိမ်မြောက် ကော်မရှင် အစည်းအဝေး ဆုံးဖြတ်ချက်များအရ နိုင်ငံတကာအဆင့်မီ ရေအောက်ငါးကမ္ဘာ တည်ဆောက်ခြင်းနှင့် ပြသခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့် CMP အထည်ချုပ်လုပ်ငန်း အပါအဝင် လုပ်ငန်းသုံးခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်း ကန်တော်ကြီး ရေချိုငါးဥယျာဉ် ဗိုလ်ချုပ်ပန်းခြံဝင်းအတွင်း နိုင်ငံတကာ အဆင့်မီ ရေအောက်ငါးကမ္ဘာ တည်ဆောက်ခြင်းနှင့် ပြသခြင်း ဝန်ဆောင်မှုလုပ်ငန်းကို Myanmar Aquariums Co.,Ltd မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန်တွင် CMP အထည်အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Sewell Garment (Myanmar) Industrial Company Limited က လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ ်(အရှေ့ပိုင်း) မြို့နယ်အတွင်း Data Centre and Wireless Internet Services လုပ်ငန်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Marga Global Telecom Limited က လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၄/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးက ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၈၇၄ ခုကို ဖန်တီးပေးနိုင်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု အဆိုပြု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံ၍ ကော်မရှင် အစည်းအဝေးက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ယခင် လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၈၇၇၆ ခုရရှိမည် ဖြစ်သဖြင့် လက်ရှိ (၁၄/၂၀၁၆) တွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများနှင့် ဆိုပါက စုစုပေါင်း အလုပ်အကိုင်ပေါင်း တစ်သောင်းကျော် ရရှိမည်ဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြာ းရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။