ပြည်သူဘက်က ရပ်တည်ပေးမည့် ပုဂ္ဂိုလ်များ ရွေးချယ်ထည့်သွင်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန် လွှတ်တော် ကိုယ်စားလှယ်များ တိုက်တွန်း

ပြည်သူဘက်က ရပ်တည်ပေးမည့် ပုဂ္ဂိုလ်များ ရွေးချယ်ထည့်သွင်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြန်လည်ဖွဲ့စည်းရန် လွှတ်တော် ကိုယ်စားလှယ်များ တိုက်တွန်း
Published 28 July 2016
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးမည့် ပုဂ္ဂိုလ်များဖြင့် ရွေးချယ်၍ ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက တိုက်တွန်းဆွေးနွေး ခဲ့ကြသည်။
နေပြည်တော်တွင် ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာ (၂၀၁၅ ခုနှစ်) နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးက အကြံပြု ဆွေးနွေးခဲ့သည်။ အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက လိုအပ်ချက်များကို ထောက်ပြဆွေးနွေး အကြံပြုခဲ့ကြပြီး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းရန် ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေး ခဲ့ကြသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပိုမိုကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ လွတ်လပ်မှုရှိရန်နှင့် ကိုယ်စားပြုမှုများလည်း ကျယ်ပြန့်ရန်လိုကြောင်း၊ ပြည်သူများ ယုံကြည်မှုရရှိရန် အလုပ်ပိုလုပ်ရန်လိုကြောင်း၊ အလုပ်ပိုလုပ်မှသာ ပြည်သူများ၏  ယုံကြည်မှုရရှိမည် ဖြစ်ကြောင်း၊ ကော်မရှင်နှင့် ပတ်သက်၍ စွမ်းရည်မြင့်မားသည့် ကော်မရှင်တစ်ရပ်အဖြစ် အားသစ်လောင်းရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက ဆွေးနွေးပြောကြားသည်။
“အထူးအစီရင်ခံစာ တင်သွင်းတဲ့ Report မှာလည်း မြန်မာနိုင်ငံရဲ့ အဆင့်အတန်းကို B လို့ သတ်မှတ်ထားပါတယ်။ B အဆင့်သတ်မှတ်ထားတဲ့ နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာ လွတ်လပ်မှုနှင့် ကျယ်ပြန့်မှု စံနှုန်းမပြည့်ဝဘူးဆိုတာ ပြုစုထားခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကော်မရှင်ထဲမှာ ပါသင့်ပါထိုက်တဲ့ သူတွေဟာ အလုပ်သမားသမဂ္ဂတို့မှ ကိုယ်စားလှယ်တွေ၊ လယ်သမား အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ သွင်ပြင်လက္ခဏာ ထူးခြားနေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် စစ်စစ်မှန်မှန်တွေ ပါဝင်နိုင်ရေးဟာလည်း အရေးကြီးသလို နိုင်ငံမှာ သတင်းမီဒီယာ ကဏ္ဍမှာ ပါဝင်ထမ်းရွက်နေတဲ့ Journalist တွေလည်း ပါဝင်ဖို့လိုတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက ပြောကြားသည်။
အစီရင်ခံစာနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က “လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေပေးနေရုံ၊ ပို့ချနေရုံနဲ့ မလုံလောက်ပါဘူး။ တကယ်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ဒီထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း လုပ်စရာ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ တချို့သော သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တာကို မြိန်မြိန်ရှက်ရှက် လုပ်ခဲ့ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာကို အရိုးစွဲနေတဲ့လူတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ အခုလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ဖက်မှာ သင်တန်းတွေ၊ ပညာပေးတာတွေ လုပ်သလို တစ်ဖက်မှာလည်း ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နောက်ထပ်မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးတာတွေ လုပ်ဖို့လိုပါတယ်” ဟု ဆွေးနွေးသည်။
“နောင်ဖွဲ့မယ့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွေမှာလည်း တကယ်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေဖက်က မားမားမတ်မတ် ရပ်မယ့်လူတွေကို ရွေးချယ်ဖွဲ့စည်းသင့်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။
ကျူးကျော်သူများဟုဆိုသည့် နိုင်ငံသားများကိုလည်း အစုလိုက် အပြုံလိုက် ဘူဒိုဇာဖြင့်ထိုး၍ ဖျက်ဆီးဖယ်ရှားမှုများသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါရှိသည့် အိမ်များ၊ ပစ္စည်းများ၊ လူများကို ကာကွယ်ပေး ရမည်ဆိုသည့် အချက်များနှင့်လည်း မကိုက်ညီခြင်းကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ဘာမျှတင်ပြထားခြင်းမျိုး မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဦးက ထောက်ပြဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဋ္ဌေးဦးက “ကော်မရှင်လူကြီးတွေ အားလုံးကို အတွေးသစ် အမြင်သစ်ရှိတဲ့ လူတွေနဲ့ အပြုအမူ ဆောင်ရွက်မှုတွေ ပြောင်းလဲဖို့၊ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲဖို့ ကော်မရှင်တစ်ဖွဲ့လုံးကို ပြောင်းလဲဖို့သာလျှင် အရေးတကြီး လိုအပ်ပါတယ်” ဟု ပြောကြားသည်။
၂၀၁၅ ခုနှစ်အတွင်း ပြည်ပမှ တိုင်တန်းမှု ၂၅၉၈ စောင်၊ ပြည်တွင်းမှ တိုင်တန်းမှု ၁၂၈၇ စောင်ရရှိပြီး အမှုအမျိုးပေါင်း ၂၁ မျိုးပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ သို့သော် ကွင်းဆင်းစုံစမ်းဆောင် ရွက်ခြင်းအမှု ၁၀ ခု၊ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သည့်အ မှု  ၁၁ ခု၊ အကျဉ်းထောင် အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများအား စစ်ဆေးခြင်းသည် ရှစ်ခုသာ ရှိကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ အပြီးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက “ကျွန်တော်တို့ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်းဟာ ကျွန်တော်တို့ ကော်မရှင်များရဲ့ တာဝန်ဟာ ဆိုလို့ရှိရင် အကြံပေးခြင်းပဲ ကျွန်တော်တို့ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဒါကတော့ ကျွန်တော်တို့ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်း တွေမှာကို သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်များ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ တိုင်ကြားချက်ကို ရပြီဆိုတဲ့ အခါမှာ ဒီတိုင်ကြားချက်က ဘာလဲ။ နိုင်ငံတော်ကနေ လိုက်နာပါမယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကွန်ဗန်းရှင်းများကို ချိုးဖောက်တဲ့ အခါကျတော့ တိုင်ကြားလာတဲ့ အခါမှာ ကျွန်တော်တို့ စိစစ်ပြီးတော့ နိုင်ငံတော်သက်ဆိုင်ရာ ဌာနများကို တင်ပြရခြင်းလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၏ ရှင်းလင်းမှုများ အပြီးတွင် ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို မှတ်တမ်းခဲ့သည်။
 

Most Read

Most Recent