၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ သဘောထား ဆုံးဖြတ်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အခြေခံ အုတ်မြစ်အဖြစ် သက်ဝင်ရန် လိုအပ်ကြောင်း သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ထုတ်ပြန်

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ သဘောထား ဆုံးဖြတ်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အခြေခံ အုတ်မြစ်အဖြစ် သက်ဝင်ရန် လိုအပ်ကြောင်း သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ထုတ်ပြန်
Published 24 July 2016
ကျော်ဇင်ဝင်း

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် အားလုံးက ကျေကျေနပ်နပ် ဆွေးနွေးချမှတ် အတည်ပြုသည့် မူ၊ သဘောထား ဆုံးဖြတ်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အခြေခံအုတ်မြစ်အဖြစ် သက်ဝင်ရန် လိုအပ်ကြောင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ယာယီ) ရန်ကုန်က ဇူလိုင် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ရန်ကုန်မြို့ရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်တွင် ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက်နှင့် ဂူဗိမာန် နှစ် ၅၀ ပြည့် အခမ်းအနားတွင် အဆိုပါ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ယင်းကြေညာချက်၌ စစ်အာဏာရှင် စနစ်ကို ပြောင်းလဲလိုသော လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် “ပြောင်းလဲချိန် တန်ပြီ” ပြောင်းလဲစေမည် ဆိုလာသော NLD ကို ဆန္ဒမဲ ပုံအောပေးခဲ့ကြကြောင်း၊ ပြည်သူလူထု အပေါင်းက ဘာလိုချင်သည်၊ ဘာဖြစ်ချင်သည်ကို တပ်မတော် အနေဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ရပြီဖြစ်ကြောင်း၊ တပ်မတော်သည် လူမျိုးပေါင်းစုံ ပြည်သူ့ဆန္ဒကို လေးစားစွာ ဖော်ဆောင်ပေးရန်နှင့် NLD ကို ဝိုင်းထောက်ကူမှု ပြုရမည်ဖြစ်ကြောင်း၊ ဤသို့ဖြင့် တပ်မတော်၏ အတိတ်လုပ်ရပ် အစွန်းအထင်း ချေးချွတ် ကုစားပေးချေခြင်းဖြင့် မိမိ၏ ဂုဏ်သိက္ခာကို တိုးမြှင့်နိုင်မည်ဖြစ်သည့် အခွင့်အခါကောင်းကို ရယူစေချင်ကြောင်း ဖော်ပြပါရှိသည်။ထို့ပြင် NLD သည် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဆောင်ရွက်မည်ဟု ကတိပြု ကြွေးကြော်ခဲ့ကြောင်း၊ တပ်မတော် ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးချစ်ခင်စွာ မိသားစုသဖွယ် ဆက်ဆံရေးကို ဝမ်းသာစွာ ကြိုဆိုကြောင်း၊ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အလွန်အရေးကြီး အချိုးအကွေ့ ဖြစ်ကြောင်း၊ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွင် တိုင်းပြည်နှင့်ဆိုင်သည့် စနစ်တစ်ခု အပြောင်းအလဲတွင် တစ်ဦးကောင်း၊ တစ်ပါတီကောင်းနှင့် မပြောင်းလဲနိုင်ကြောင်း၊ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် နိုင်ငံရေးပါတီများနှင့် တိုင်းချစ်ပြည်ချစ် အင်အားစု အသီးသီး လက်တွဲပူးပေါင်းကာ လူထု လှုပ်ရှားမှု ပေါင်းစပ်ခြင်းဖြင့်သာ အောင်မြင်နိုင်ကြောင်း သတိပြု သင်ခန်းစာ ယူစေလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံသည် တိုင်းပြည်အတွက် အချိုးအကွေ့တမျှ အရေးကြီးသည်ဟု ယူဆကြောင်း၊ ၁၉၄၇ ပင်လုံစိတ်ဓာတ်နှင့် ကတိကဝတ်တို့၏ အနှစ်သာရကို ရယူပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားအားလုံး ညီညွတ်ရေးကို ရှေးရှုဖော်ဆောင်နိုင်ရန် ဆန္ဒပြုပါကြောင်း၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စိတ်ဓာတ်၊ မူ၊ လမ်းညွှန်ချက်အရ ပြောရလျှင် တရားမျှတ၊ တန်းတူပွင့်လင်း လွတ်လပ်မှုဖြင့် အများက လိုလားသော လျော်ကန်သင့်မြတ်သည့် မူဘောင် ဖြစ်စေရမည်ဖြစ်ပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်စေရမည်ဖြစ်ကြောင်း၊ အားလုံးက ကျေကျေနပ်နပ် ဆွေးနွေးပြီး ချမှတ် အတည်ပြုလိုက်သောမူ၊ သဘောထား ဆုံးဖြတ်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးတွင် အခြေခံအုတ်မြစ်အဖြစ် အသက်ဝင်စေရမည်ဖြစ်ကြောင်း၊ ဆွေးနွေးဆုံးဖြတ်ရာတွင် မြန်လည်းမြန်၊ မှန်လည်းမှန်၊ အားလုံးကလည်း ကျေနပ် လက်ခံပါက အကောင်းဆုံး ဖြစ်ပြီး ဖိအားတစ်ခုခုကြောင့် မကျေမလည်၊ မရှင်းမလင်းနှင့် အလောတကြီး ဆုံးဖြတ်ခြင်း မပြုကြစေလိုကြောင်း၊ အချိန်ကာလ တစ်ခု ယူသင့်ပါက ယူပြီး အားလုံးပါဝင် သဘောတူ လက်ခံရေးသည် အကောင်းဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။အကယ်၍ အခြေအနေ၊ အကြောင်းအကျိုး၊ တစ်ခုခုအရ အချို့အင်အားစုသည် လောလောဆယ် လိုက်ပါ သဘောတူ လက်ခံနိုင်စွမ်း မရှိသေးသော်လည်း အဆိုပါ အင်အားစုကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ဝိုင်းပယ်ခြင်း၊ ဖိအားပေး အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ ပိတ်ဆို့ တားဆီး၍ စစ်အင်အားဖြင့် တိုက်ခိုက်ချေမှုန်းခြင်း မပြုလုပ်ရန် အခိုင်အမာ သဘောတူ ဆုံးဖြတ်ချက်၊ အာမခံချက် ရယူထားရန် လိုအပ်ကြောင်း အချက်လည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ထို့အတူ ဆွေးနွေးပွဲများနှင့် ညီလာခံကြီး အေးဆေးတည်ငြိမ်စွာ ကျင်းပနိုင်ရန် တစ်ပြည်လုံး အပစ်အခတ် တိုက်ခိုက်မှုများ ရပ်ဆိုင်းထားသင့်ကြောင်း၊ NLD အစိုးရမှ သဘောထားကြီးစွာဖြင့် တပ်မတော်မှ (လုံလောက်သော ကာလတစ်ခု သတ်မှတ်ချက်ဖြင့်) အပစ်အခတ် ရပ်ဆိုင်းကြောင်း ဦးစွာ စတင် ကြေညာသင့်ကြောင်း၊ တစ်ပြိုင်တည်းတွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများကလည်း အပစ်အခတ် ရပ်ဆိုင်းပေးပါရန် အစိုးရ အနေဖြင့် မေတ္တာရပ်ခံလိုက်ပါက အားလုံးအဆင်ပြေ လက်ခံသည့် ယာယီအပစ်ရပ်ဆိုင်းရေး ဖြစ်စေနိုင်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အလားတူ ပြည်တွင်းစစ်ကို အသုံးချ အကာအကွယ်ယူပြီး ၎င်းတို့ လူအုပ်စု၊ လူတစ်စု ကြီးပွားရေး၊ ၎င်းတို့ ဥစ္စာဓနများ ကာကွယ်ရေးနှင့် ၎င်းတို့ အခွင့်သြဇာအာဏာများ ထူထောင်ထားသူများသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအား ပျက်ပြားအောင် နည်းပေါင်းစုံဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများကို ဆောင်ရွက်လာမည်ကို သတိပြု ကာကွယ်ကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းချက် ထည့်သွင်းထားသည်။သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်မြောက် အခမ်းအနားသို့ NLD သဘာပတိ အဖွဲ့ နာယက သူရဦးတင်ဦး၊ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်၊ လွှတ်တော်ကိုယ်စားလှယ် အချို့၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့မှ အဖွဲ့ဝင်အချို့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ ဗကသ အဖွဲ့ဝင် ကျောင်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent