အင်းစိန်မြို့နယ်တွင် နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကိုသတ်၍ အလောင်းစွန့်ပစ်သည့်အမှု တရားလိုပြသက်သေ တစ်ဦးအား ဆက်လက်စစ်ဆေး

အင်းစိန်မြို့နယ်တွင် နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကိုသတ်၍ အလောင်းစွန့်ပစ်သည့်အမှု တရားလိုပြသက်သေ တစ်ဦးအား ဆက်လက်စစ်ဆေး
Published 22 July 2016
ပြည့်ဖြိုးအောင်

အင်းစိန်မြို့နယ် မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူကိုသတ်ပြီး အလောင်းစွန့်ပစ်သည့် ဖြစ်စဉ်မှ အမျိုးသားအား ဇူလိုင်၂၂ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် အခင်းဖြစ်နေရာအား မြေပုံဆွဲ၊ အကွာအဝေး တိုင်းတာပေးသည့် မြေတိုင်းစာရေး ဝန်ထမ်းအား စစ်ဆေးပြီး ရုံးချိန်းကို ဇူလိုင်၂၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။“ဒီနေ့ မြေတိုင်းက တာဝန်ရှိသူတစ်ဦးကို စစ်ဆေးတယ်။ မြေတိုင်းစာရေးပါ။ သူက အမှုနဲ့ပတ်သက်လို့ အမှုစစ်အရာရှိ ပြောခဲ့တဲ့ဟာကို မြေပုံဆွဲတာ ထွက်ဆိုခဲ့ပါတယ်။ ပြီးတော့ တရားလိုပြသက်သေဖြစ်တဲ့ အမှုစစ်အရာရှိကို စစ်ဆေးဖို့ ခေါ်ထားတယ်။ ဒါပေမဲ့ အစည်းအဝေးရှိလို့ မလာနိုင်လို့ မစစ်ဖြစ်ဘူး” ဟု သေဆုံးခဲ့သည့် မိန်းကလေး၏ ဖခင်က ပြောကြားသည်။အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေအဖြစ် အလောင်းစတင်တွေ့ရှိခဲ့သည့် စည်ပင်သာယာမှ အမျိုးသမီးနှင့် အခင်းဖြစ်ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦးတို့ အပါအဝင် စုစုပေါင်း တရားလိုပြသက်သေ ၁၄ ဦး စစ်ဆေးပြီးဖြစ်၍ တရားလိုပြသက်သေ စစ်ဆေးရန် တစ်ဦးသာ ကျန်ရှိသည်။ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နံနက် ၉ နာရီခန့်က အင်းစိန်မြို့နယ် ဥက္ကလာလမ်းမဘေး အမှတ် (၃၀၁၇) လေကြောင်းကာကွယ်ရေးတပ် ခြံစည်းရိုးအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသော မိန်းကလေးအလောင်း တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရာ သေဆုံးသူမှာ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ၂၂ နှစ်အရွယ်ရှိ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။မ....မှာ ၎င်း၏ချစ်သူနှင့် ဖုန်းပြောဆိုခဲ့ပြီး ခဏနေပြန်လာမည်ဟု မိခင်ဖြစ်သူအားပြော၍ နေအိမ်အပြင်ဘက်သို့ ထွက်သွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ မ .....၏ ရည်းစားဟုဆိုသူ သူထက်နိုင် (ခ) သူရအောင်ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းမှာ မ .....၏နေအိမ်သို့ ထွက်လာခဲ့ကာ နေအိမ်အနီး အရောက်တွင် ဖုန်းဆက်၍ နေပြည်တော်မှ လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်၍ လာယူရန် ပြောကြားကြောင်း၊ မ ..... က  အပြင်သို့ထွက်လာရာ ၎င်းမှ ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်း ရွှေညောင်ပင်မှတ်တိုင်အနီးရှိ လမ်းနံဘေးတွင် ကားအားရပ်တန့်၍ စကားပြောရာမှ စကားများ ရန်ဖြစ်ခဲ့ပြီး မ ....           ၏လည်ပင်းကို ၁၅ မိနစ်ခန့် ညှစ်ထားရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့နောက် အလောင်းကို ကားဖြင့်သယ်ဆောင်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ခြံစည်းရိုး အမှောင်ရိပ် တစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။  ဖြစ်စဉ်အား အင်းစိန်မြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးပြီး စွပ်စွဲခံရသူ အမျိုးသားအား မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေခြင်း ဖြစ်သည်။