ကြယ်စင်ဟိန်း ခရီးသည်တင်အမြန်ယာဉ် နေပြည်တော် ရာဇဌာနီလမ်းလယ်ရှိ နှင်းဆီပန်းအဝိုင်းအား ဝင်တိုက်မိပြီး ရတနာရွှေဆိုင်ကို ထပ်မံတိုက်မှုဖြစ်ပွား

ကြယ်စင်ဟိန်း ခရီးသည်တင်အမြန်ယာဉ် နေပြည်တော် ရာဇဌာနီလမ်းလယ်ရှိ နှင်းဆီပန်းအဝိုင်းအား ဝင်တိုက်မိပြီး ရတနာရွှေဆိုင်ကို ထပ်မံတိုက်မှုဖြစ်ပွား
Published 21 July 2016
ကျော်မျိုး

နေပြည်တော်-မုံရွာ ပြေးဆွဲလျက်ရှိသော ကြယ်စင်ဟိန်းခရီးသည်တင် အမြန်ယာဉ်တစ်စီးမှာ နေပြည်တော် ရာဇဌာနီလမ်းမပေါ်ရှိ  နှင်းဆီပန်းအဝိုင်းအား တိုက်မိပြီး လမ်းနံဘေးရှိ ရတနာရွှေဆိုင် ဖွင့်လှစ်ထားသော နေအိမ်ကို ထပ်မံတိုက်မိမှု ဇူလိုင် ၂၀ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
အဆိုပါယာဉ်သည် နေပြည်တော်မြို့မဈေးကားကွင်း၌ ခရီးသည်များအား ချထားပြီး ပျဉ်းမနားမြို့ ဘောဂသီရိကားကြီးဝင်းသို့ မောင်းနှင်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နှင့်အတူ ခရီးသည်တစ်ဦးသာ လိုက်ပါလာခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ မူးမေ့ဒဏ်ရာ၊ ခရီးသည်တစ်ဦးမှာ မှန်ပွန်းပဲ့ဒဏ်ရာ ရရှိပြီး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
 
ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ရဲမှူး တင်ဌေးက “ ခရီးသည်ကတော့ တစ်ယောက်ပဲ ပါတယ်။ အမျိုးသမီးတစ်ဦးပါ။ သူက ဘယ်ဘက်ပါးမှာ မှန်ပွန်းပဲ့ဒဏ်ရာ ရတယ်။ ပျက်စီးဆုံးရှုံးတာကတော့ ကားရော အိမ်ရောပဲ။ အိမ် က ရွှေဆိုင်ဖွင့်ထားတာ။ ဒါပေမဲ့ မနက်ပိုင်းဆိုတော့ ဆိုင်မဖွင့်သေးဘူးပေါ့။ ရွှေဆိုင်က ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်။ အခုတော့ တွက်နေတုန်းပဲ။ ခန့်မှန်းတွက်လို့ မရသေးဘူး။ များတယ်” ဟု ပြောကြားသည်။
 
လက်ရှိတွင် အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ပျဉ်းမနားရဲစခန်းတွင် ယာဉ် (ပ) ၃၃၇၊ ၂၇၉ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက ပျက်စီးဆုံးရှုံးမှုများအတွက် ထပ်မံအမှုဖွင့်မည် ဖြစ်ကြောင်း သိရသည်။