ဇွန်လအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအား မထသ (ဗဟို) စည်းကမ်းထိန်းသိမ်းရေးမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးရာတွင် စည်းကမ်းချိုးဖောက်သည့် အမှုပေါင်း ၈၉၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း မထသ(ဗဟို)မှ စုံစမ်းသိရသည်။မထသ(ဗဟို) စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ပေါင်း ၁၄ ဖွဲ့ဖြင့် မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် ၃၁၁၁ စီးအား ကိုးကြိမ် စစ်ဆေးခဲ့ရာတွင် သတ်မှတ်စည်းကမ်းများကို ချိုးဖောက်သည့် အမှုပေါင်း ၈၉၃ မှုကို အရေး ယူခဲ့ကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မထသ(ဗဟို) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဦးမြင့်ဦးက “ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ကျွန်တော်တို့ မထသ စည်းကမ်းထိန်းရေး အဖွဲ့ပေါင်း ၁၄ ဖွဲ့နဲ့ ကိုးကြိမ် စစ်ဆေးခဲ့တဲ့ နေရာမှာ စစ်ဆေးတဲ့ ယာဉ်စီးရေပေါင်း ၃၁၁၁ စီး ရှိတယ်။ အဲဒီအထဲမှာ စည်းကမ်းချိုးဖောက်တဲ့ အမှုပေါင်းက ၈၉၃ မှုရှိတယ်” ဟု ပြောကြားသည်။ထိုသို့ စည်းကမ်းချိုးဖောက်သည့် အမှုများအနက် သတ်မှတ်လိုင်စင် မပါဘဲ မောင်းနှင်မှုများနှင့် ယာဉ်စီးခနှုန်းထား မပါရှိမှု အပါအဝင် သတ်မှတ်ဝတ်စုံ မဝတ်ဆင်မှုများမှာ များပြားကြောင်း ဦးမြင့်ဦးက ဆက်လက် ပြောကြားသည်။“အရေးယူထားတဲ့ အမှုတွေထဲမှာ ဘယ်အမှုတွေက အများဆုံးလဲဆိုတော့ သတ်မှတ်လိုင်စင် မပါတာတို့၊ သတ်မှတ်ယာဉ်စီးခနှုန်းထား မပါတာရယ် ဝတ်စုံ မဝတ်တာရယ်က များပါတယ်” ဟု ဦးမြင့်ဦးက ဆိုသည်။ဇွန်လအတွင်း၌ ခရီးသည်တင် ယာဉ်လိုင်းများတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများမှာ လိုင်းချိန်အတွင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အလားတူ ယင်းလအတွင်း လိုင်းချိန်ပြင်ပ၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုမှာ ငါးကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
ဇွန်လအတွင်း မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် ၃၁၀၀ ကျော်အား မထသ (ဗဟို) က စစ်ဆေးရာတွင် စည်းကမ်းချိုးဖောက်မှု ၈၉၃ မှု စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်လိုင်စင် မပါဘဲ မောင်းနှင်မှုများ ပါဝင်