တာမွေမြို့နယ်တွင် ခရီးသည်တင် ယာဉ်မောင်း၏ ပိုက်ဆံအိတ်အား အမျိုးသား နှစ်ဦးက ဝက်အူလှည့်ဖြင့် ရန်ပြုပြီး လုယူမှု ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ယင်းလုယက်မှု ကျူးလွန်သူ အမျိုးသားနှစ်ဦးအား တာမွေလှည့်ကင်း ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။ဇူလိုင် ၁၃ ရက် နံနက် ၁ နာရီခန့်က တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက် တာမွေဗလီ ကားမှတ်တိုင် အနီးတွင် ခရီးသည်တင်ယာဉ် မောင်းနှင်သည့် အမျိုးသား တစ်ဦးသည် ယာဉ်ကို ရပ်တန့်ထားပြီး ၎င်း၏ ပိုက်ဆံအိတ် အတွင်းရှိ ငွေများအား ရေတွက်နေစဉ် ယာဉ်ပေါ်သို့ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ယာဉ်မောင်းဖြစ်သူထံမှ ငွေသားများ ပါရှိသော ပိုက်ဆံအိတ် လုယူထွက်ပြေးခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ယင်းကဲ့သို့ လုယူထွက်ပြေးသဖြင့် ယာဉ်မောင်းဖြစ်သူက ၎င်း၏ ပိုက်ဆံအိတ်အား ပြန်လည်လုယူရာ လုယူသူအမျိုးသား နှစ်ဦးက ယာဉ်မောင်းဖြစ်သူကို ဝက်အူလှည့်ဖြင့် ရန်ပြုကာ ပိုက်ဆံအိတ်ကို ယူငင်ထွက်ပြေးသွားကြောင်း သိရသည်။ထို့သို့ ဖြစ်ပွားစဉ် ရက် ၁၀၀ စီမံချက်အရ လှည့်ကင်းဆောင်ရွက်နေသော တာမွေမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိုက်ဆံအိတ် လုယူထွက်ပြေးသူ အမျိုးသားနှစ်ဦးကို လိုက်လံဖမ်းဆီးရာ တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက်၊ တာမွေဗလီထိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ထို့နောက် လုယက်မှု ကျုးလွန်သူ အမျိုးသား နှစ်ဦးအား ဆက်လက်စစ်ဆေးရာ အဆိုပါ အမျိုးသား နှစ်ဦးမှာ ဒလမြို့နယ်နေ ထွန်းထွန်းဝင်း (၂၆နှစ်) နှင့် ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်နေ နွေနိုင်ဦး (၂၁ နှစ်) တို့ဖြစ်ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်အား တာမွေမြို့မ ရဲစခန်းက (ပ) ၅၄၂/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ခရီးသည်တင် ယာဉ်မောင်း၏ ပိုက်ဆံအိတ်ကို အမျိုးသားနှစ်ဦးက ဝက်အူလှည့်ဖြင့် ရန်ပြုပြီး လုယူထွက်ပြေးမှု ဖြစ်ပွား