၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်ရန် လျာထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်ရန် လျာထား
ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန်ရှိ ကုန်ထုတ်လုပ်မှု စက်ရုံအချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန်ရှိ ကုန်ထုတ်လုပ်မှု စက်ရုံအချို့ကို တွေ့ရစဉ်
Published 13 July 2016
မင်းသီဟဇော်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ သတ်မှတ်ခဲ့ရာ စက်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်ရန် လျာထားကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၉၅၈ ဒသမ ၀၅၀ သန်း ဝင်ရောက်ရန် လျာထားရာ၌ စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၇၈၅ ဒသမ ၃၁၆ သန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၀၈၆ ဒသမ ၄၀၀ သန်း ဝင်ရောက်ရန် လျာထားရာ၌ စက်မှုကဏ္ဍတွင် ဒေါ်လာ ၃၂၃၄ ဒသမ ၅၆၀ သန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၁၂၄ ဒသမ ၁၀၀ သန်း ဝင်ရောက်ရန် လျာထားရာ၌ စက်မှုကဏ္ဍတွင် ဒေါ်လာ ၃၅၇၄ ဒသမ ၆၀၄ သန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားခြင်း ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၁၄၄ ဒသမ ၅၈ သန်း ဝင်ရောက်ရန် လျာထားရာ၌ စက်မှုကဏ္ဍတွင် ဒေါ်လာ ၃၇၄၆ ဒသမ ၅၀၇ သန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၁၅၂ ဒသမ ၄၃၀ သန်း ဝင်ရောက်ရန် လျာထားရာ၌ စက်မှုကဏ္ဍတွင် ဒေါ်လာ ၃၉၁၃ ဒသမ ၁၆၆ သန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၈ ရာခိုင်နှုန်း ဝင်ရောက်ရန် လျာထားသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည် စိစစ်နိုင်ရေး၊ လုပ်ငန်း ထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်း လည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများမှ ဆက်စပ် လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့ နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ထုတ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှု မူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။စက်မှုလုပ်ငန်း မူဝါဒတွင် စက်မှုကဏ္ဍ၏ လက်ရှိ ပြဿနာများအဖြစ် ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှု အားနည်းပြီး ထုတ်လုပ်မှု နည်းပညာ နိမ့်ကျခြင်း၊ ပြည်ပ ဈေးကွက် မထိုးဖောက်နိုင်ခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် ဓနအင်အား မရှိခြင်း၊ အရည်အသွေး ပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ် အပြည့်အ၀ မရရှိခြင်း၊ စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်မှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှု မရှိသေးခြင်း၊ ကျွမ်းကျင်လုပ်သား အလုံအလောက် မရရှိခြင်း စသည်တို့ ပါဝင်သည်။