တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်သတ်မှတ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန်သတ်မှတ်
Published 8 July 2016
အောင်ဇော်ထွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များမှ ကိုယ်စားလှယ်များသည် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေး ကျင်းပမည့် နေရာနှင့်ရက် သတ်မှတ်ညှိနှိုင်း ဆွေးနွေးခဲ့ရာ စုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ကျင်းပရန် သတ်မှတ်ခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အကြံပေး ဦးခွန်းဆိုင်က ပြောကြားသည်။စုံညီအစည်းအဝေး ကျင်းပရေး ကော်မတီကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌမှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ဦးခူဦးရယ်ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌများမှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA မှ ဗိုလ်ချုပ် ဂွမ်မော်၊ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU မှ ပဒိုစောကွယ်ထူးဝင်းတို့ဖြစ်ကြောင်း ညီလာခံနှင့် ပတ်သက်သည့် ပြောရေးဆိုခွင့် ရှိသူများမှာလည်း ၎င်းတို့ပင်ဖြစ်ကြောင်း ဦးခွန်းဆိုင်က ဆိုသည်။ဦးခွန်းဆိုင်က “ညီလာခံရက်ကတော့ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိလို့ ယာယီသတ်မှတ်ထားတာပေါ့။ မိုင်ဂျာယန်မှာပဲ” ဟု ဇူလိုင် ၈ ရက်ညနေပိုင်းတွင် ပြောကြားသည်။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေး ကျင်းပရေး ကော်မတီ ခေါင်းဆောင်များထံသို့ ဆက်သွယ်ရာ ဇူလိုင် ၈ ရက်ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အတူတကွ တက်ရောက်နိုင်ရေးနှင့် တိုင်းရင်းသားများ၏ နိုင်ငံရေး ရည်မှန်းချက် ရပ်တည်ချက်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ ကျင်းပမည်ဖြစ်ကြောင်း NCA လက်မှတ်ထိုးထားသည့် KNU အထွေထွေ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ဇူလိုင် ၆ ရက်က ပြောကြားထားသည်။ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေး ကျင်းပရေး ကော်မတီ ဖွဲ့စည်းရာတွင်လည်း ညီလာခံ တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးမှ ကိုယ်စားလှယ်များ ပါဝင်စေကာ စုံညီအစည်းအဝေးကို မည်သို့မည်ပုံ ကျင်းပမည်၊ မည်သို့ ဆွေးနွေးမည် ဆိုသည်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။လက်ရှိတွင် အစိုးရသစ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဇွန် ၂၈ ရက်က NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်မည့် ၂၁ ရာစု ပင်လုံညီလာခံကို ယခုနှစ် သြဂုတ်လကုန်ပိုင်း မတိုင်မီ ကျင်းပနိုင်ရေး ကြိုးစားရန် သဘောတူညီမှု ရရှိခဲ့သည်။အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ခေါင်းဆောင်များသည် ယခုဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

Most Read

Most Recent