တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီအစည်းအဝေး ကျင်းပမည့် နေရာနှင့် ရက်သတ်မှတ်ရန် NCA လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ ညှိနှိုင်းမည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီအစည်းအဝေး ကျင်းပမည့် နေရာနှင့် ရက်သတ်မှတ်ရန် NCA လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ ညှိနှိုင်းမည်
Published 6 July 2016
အောင်ဇော်ထွန်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီ အစည်းအဝေး ကျင်းပမည့် နေရာနှင့် ရက်သတ်မှတ်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်၌ တွေ့ဆုံ ညှိနှိုင်းမည်ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။ထိုသို့ တွေ့ဆုံရာတွင် NCA လက်မှတ် ထိုးထားသည့် အဖွဲ့များ၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ (CT)၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့များဖြင့် ဖွဲ့စည်းထားသော UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ရှမ်းလက်နက်ကိုင် အဖွဲ့များဖြစ်သည့် RCSS အဖွဲ့၊ SSPP အဖွဲ့၊ ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသည့် တိုင်းရင်းသား စုံညီ အစည်းအဝေး ကျင်းပရေး ပြင်ဆင်ရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (CT) အဖွဲ့ဝင် KUN/KNLA-PC တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီ ၈ ရက်နေ့ ကျတော့ ချင်းမိုင်မှာ အစည်းအဝေး ခေါ်တယ်လေ။ ကျွန်တော်တို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေကိုလည်း ခေါ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးပေါ့။ အဲဒီ အစည်းအဝေးကို မိုင်ဂျာယန်မှာ လုပ်ဖို့ လောလောဆယ်က လျာထားတာပေါ့။ ၈ ရက်မှာ ပြင်ဆင်ရေး ကော်မတီ ဖွဲ့တဲ့အခါ ညီလာခံကို ဘယ်လိုခေါ်မလဲ၊ ဘယ်မှာ ကျင်းပမလဲ၊ ဘယ်နှရက် လုပ်မလဲ အဲဒါတွေ စုံစုံလင်လင် သိရမှာပေါ့။ ကျွန်တော်တို့ စေ့စပ် ညှိနှိုင်းရေး အဖွဲ့ကို ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ဖိတ်ထားတယ်” ဟု ဇူလိုင် ၆ ရက်က ပြောကြားသည်။SSPP/SSA၊ RCSS/SSA နှင့် KIO/KIA မှ ခေါင်းဆောင်များသည် ဇွန် ၇ ရက်နှင့် ၈ ရက်များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ရေးဆိုင်ရာ ပြင်ဆင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ စုံညီ အစည်းအဝေး ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ရာ ကော်မတီ အဖွဲ့ခေါင်းဆောင်မှာ KIO/KIA မှ ဗိုလ်ချုပ်ဂွန်မော်ဖြစ်ပြီး ဒုတိယ အဖွဲ့ခေါင်းဆောင်မှာ RCSS မှ ဗိုလ်မှူးချုပ် ပေါင်ခေးဖြစ်ကြောင်း RCSS အကြံပေး ဦးခွန်းဆိုင်၏ ပြောကြားချက်အရ သိရသည်။စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (CT) အဖွဲ့ခေါင်းဆောင် KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အတူတကွ တက်ရောက်နိုင်ဖို့ အတွက်လည်း ပါမှာပေါ့။ နောက်ပြီးတော့ အခုလက်ရှိ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက် ရပ်တည်ချက် ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ ကိစ္စမျိုးပေါ့။ တွေ့မှာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ စုံညီ အစည်းအဝေး ပြင်ဆင်ရေးကော်မတီနဲ့ တွေ့မှာ။ ပြင်ဆင်ရေး ကော်မတီ ဆိုတာ ၁၉၄၇ ခုနှစ် ပင်လုံကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လူမျိုး သုံးမျိုးရဲ့ ကိုယ်စားပြုတဲ့ အဖွဲ့တွေ KIO ပါတယ်။ ရှမ်းက RCSS၊ SSPP တို့ပါတယ်။ CNF တို့ သူတို့ အဖွဲ့တွေကနေပြီးတော့ ပြင်ဆင်ရေး ကော်မတီဆိုတာ ဖွဲ့ပြီးပြီ။ ပြင်ဆင်ရေး ကော်မတီက လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ CT အဖွဲ့ဝင်နဲ့ နောက် UNFC ကဖွဲ့ထားတဲ့ DPN နဲ့ တွေ့ပြီးရင် အဲဒါ ညှိနှိုင်းဖို့ပေါ့။ ဆိုလိုတဲ့ သဘောကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကုန်လုံး ပူးပေါင်းပါဝင်ပြီးတော့ ဘယ်လို ဆွေးနွေးကြမယ်၊ ဘယ်လို ကျင်းပမယ် ဆိုတာမျိုးက တစ်ဦးတစ်ဖွဲ့ တစ်စုတစ်ဖွဲ့က ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ စုပြီးဆောင်ရွက်မယ့် သဘောပေါ့” ဟု ဇူလိုင် ၆ ရက်က ပြောကြားသည်။တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးကို KIO/KIA ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပရန် ပထမဦးစားပေး သတ်မှတ်ထားပြီး ဇူလိုင် ၂၀ ရက် နောက်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း သိရသည်။အဆိုပါ စုံညီအစည်းအဝေး ကျင်းပရေး ကော်မတီတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးမှ ကိုယ်စားလှယ်များ ပါဝင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။

Most Read

Most Recent