Facebook တွင် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေသောစာသားများ ရေးသားခဲ့သည်ဟုဆိုကာ THE SAGE ကဝိဂျာနယ်တိုက်ပိုင်ရှင်နှင့် အမျိုးသမီးတစ်ဦးအား ပဲခူးမြို့နယ်တရားရုံး၌ စတင်တရားစွဲဆို

Facebook တွင် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေသောစာသားများ ရေးသားခဲ့သည်ဟုဆိုကာ THE SAGE ကဝိဂျာနယ်တိုက်ပိုင်ရှင်နှင့် အမျိုးသမီးတစ်ဦးအား ပဲခူးမြို့နယ်တရားရုံး၌ စတင်တရားစွဲဆို
Published 5 July 2016
အောင်မျိုးသန့်၊ မောင်အေး

Facebook ပေါ်တွင် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာထိခိုက်စေသော စာသားများ ရေးသားခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် THE SAGE ကဝိဂျာနယ်တိုက်ပိုင်ရှင်နှင့် အမျိုးသမီးတစ်ဦးအား ဇူလိုင် ၅ ရက်က ပဲခူးမြို့နယ်တရားရုံး၌ ရုံးထုတ်၍ စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
 
ယင်းရုံးချိန်းတွင် THE SAGE ကဝိဂျာနယ်တိုက်ပိုင်ရှင်နှင့် Ei Kay Zin အမည် နှင့် အသုံးပြုသူ အကောင့်ပိုင်ရှင် စောကေခိုင် တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် စတင် တရားစွဲဆိုခဲ့ပြီး ရုံးချိန်းအား ဇူလိုင် ၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ပဲခူး(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ရဲထွဋ်ကိုက ပြောကြားသည်။
 
ဖြစ်စဉ်မှာ ပဲခူးမြို့ ဥဿာမြို့သစ် (၂) ရပ်ကွက်နေ ခင်မာချိုသည် မေ ၁၂ တွင် THE SAGE ကဝိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း ဓာတ်ပုံအသုံးပြုထားသည့် La Young Facebook အကောင့်မှ “ပဲခူးရဲများ ဖင်တုန်အောင် ကြောက်ရသော အမေချို”ဟု စသဖြင့် Facebook ပေါ်တွင် ဒေါ်ခင်မာချို၏ ဓာတ်ပုံနှင့် ရေးသားဖော်ပြခဲ့ကြောင်း၊ ထို့ပြင် La Young Facebook အကောင့်မှ ဖော်ပြချက်များကို Screen Shot ဖမ်းပြီး Ei Kay Zin Facebook အကောင့်မှလည်း “ရဲနဲ့ပေါင်းပြီး သူဖြစ်တဲ့ အမှုကိစ္စတိုင်းကို မတရားလုပ်နေတဲ့ မိန်းမ ...”ဟု စသဖြင့် ရေးသားထားကြောင်း သိရသည်။
 
တရားလို ဒေါ်ချိုမာလွင်က “ရဲဝန်ထမ်းတွေကို ပုတ်ခတ်စော်ကားပြီး ပြောဆိုတယ်။ အမှန်တကယ်မှာ ကျွန်မဘက်က ရဲဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ငါးပြားတစ်စေ့မျှ ပေးခဲ့ရခြင်း မရှိပါဘူး။ အန်တီ့အနေနဲ့ကတော့ ဥပဒေနဲ့အညီပဲ လုပ်ပါမယ်။ ဒေါက်တာစိုးမြင့်သန်းကိုလည်း မြင်ဖူးတာ မဟုတ်ဘူး။ သူ့ကိုလည်း မုန်းတီးတာ မဟုတ်ဘူး။ ဌာနဆိုင်ရာ အကုန်လုံးကို စော်ကားလို့ အန်တီက ကိုယ်စားတရားစွဲဆိုတာပါ။ အိကေဇင် အကောင့် သုံးတဲ့သူကိုလည်း မမြင်ဖူးပါ။ ဒီနေ့ကျမှပဲ နှစ်ယောက်စလုံးကို မြင်ဖူးတာပါ”ဟု ပြောကြားသည်။
 
ထို့ကြောင့် THE SAGE ကဝိဂျာနယ် တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်း ဓာတ်ပုံဖြင့်  La Young Facebook အကောင့်နှင့် Ei Kay Zin Facebook အကောင့်ပိုင်ရှင်တို့အား အရေးယူပေးရန် ပဲခူးအမှတ် (၃) နယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့ရာ မေ ၁၅ ရက်တွင် (ပ)၁၉၆/၂၀၁၆ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး“ပြည်သူအတွက် ရပ်တည်ပြီး အလုပ်လုပ်နေတဲ့ ကျွန်တော့်ဂျာနယ်နဲ့ ကျွန်တော့်အတွက်ကို ရည်ရွယ်ချက်ရှိရှိ စတုတ္ထမြောက် ထပ်မံပြီးတော့ အန္တရာယ်ပေးခြင်းလို့ မြင်ပါတယ်။ သို့သော်များလည်း ကျွန်တော် ခုခံ ကာကွယ်သွားမယ်။ ကျွန်တော် မဟုတ်ဘဲနဲ့ ဒီလိုခံရတဲ့အကြောင်းကို ပြည်သူတစ်ရပ်လုံး သိစေချင်ပါတယ်”  ဟု THE SAGE  ကဝိဂျာနယ်တိုက်ပိုင်ရှင် ဒေါက်တာစိုးမြင့်သန်းက ဆိုသည်။
 
တရားစွဲခံရသူ တစ်ဦးဖြစ်သည့် အိကေဇင် (ခ) စောကေခိုင်က “တရားရုံးမှာ ရာဇဝတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာလည်း အမှန်ပါ။ သမီးမှာလည်း ကိုယ်ပိုင်ခံစားချက်တွေ ရှိပါတယ်။၂၀၁၄ ခုနှစ် ၁၀ လပိုင်း၂ ရက်က ဆိုင် ကယ်တိုက်မှု ဖြစ်တယ်။ ဖြစ်စဉ်အမှန်ကို ဓာတ်ပုံတွေ ရိုက်ထားပေမယ့် တရားရုံးတင်တဲ့အခါ ပါမလာဘူး။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေချင်ဘူး”ဟု ပြောကြားသည်။
 
THE SAGE  ကဝိဂျာနယ်သည်  ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ပဲခူးမြို့၌ အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်ဝေခဲ့သော ဂျာနယ်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent