၁၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု၊ မိသားစုဝင်များအား ကတ်ကြေးဖြင့် ထိုးမှု ကျူးလွန်သည်ဆိုသော အမျိုးသားအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ရုံးထုတ်

၁၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု၊ မိသားစုဝင်များအား ကတ်ကြေးဖြင့် ထိုးမှု ကျူးလွန်သည်ဆိုသော အမျိုးသားအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ရုံးထုတ်
Published 5 July 2016
ပြည့်ဖြိုးအောင်

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့တွင် ၁၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှု၊ အဆိုပါ မိန်းကလေး၏ မိသားစုဝင်များအား ကတ်ကြေးဖြင့် ထိုးမှုတို့ ကျူးလွန်သည်ဆိုသော အမျိုးသားအား ဇူလိုင် ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
 
ထိုနေ့ရုံးချိန်းတွင် အဆိုပါ အမျိုးသားအား စွဲဆိုထားသည့် ပုဒ်မ ၃၇၆ နှင့်ပတ်သက်၍ တရားလိုဖြစ်သော အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေးအား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ဥပဒေအရာရှိ အစည်းအဝေးသွားနေသဖြင့် အမှုအား မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို ဇူလိုင် ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
 
အဆိုပါအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ပြီး သုဝဏ္ဏမြို့နေ ကိုရဲသူဝင်း (၃၀ နှစ်) က Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်၊ ၎င်း၏ ဇနီးနှင့် အစ်မဖြစ်သူတို့အား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း၊ တိုက်ခိုက်ခံရသူများ၏ ဒဏ်ရာများအား ကုသရာတွင် သုံးယောက်ပေါင်း ၄၉ ချက်ခန့် ချုပ်၍ ကုသမှုခံယူနေရကြောင်း သိရသည်။ 
 
ယင်းကဲ့သို့ ဖြစ်ပွားခြင်းမတိုင်မီ နာရီပိုင်းအလိုခန့်တွင် ကိုရဲသူဝင်းသည် ဦးကျော်စွာမြင့်၏ ဇနီးသည်ဘက်မှ ညီမဖြစ်သူ မ....(၁၇ နှစ်)အား အပြင်သို့ ခေါ်သွားပြီး ကားပေါ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၎င်းမိန်းကလေး အိမ်သို့ပြန်ရောက်သည့်အခါ အိမ်ရှိ မိသားစုဝင်များအား အဆိုပါအကြောင်းအရာများကို ပြန်လည်ပြောပြရာမှ မိသားစုဝင်များနှင့် ကိုရဲသူဝင်းတို့ စကားများခဲ့ပြီး အခင်းဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ 
 
ကတ်ကြေးဖြင့် အထိုးခံရသူများမှာ Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ ဇနီး၊ အစ်မဖြစ်သူတို့ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူမှာ ဦးကျော်စွာမြင့်၏ ဇနီးဘက်မှ ညီမဖြစ်ကြောင်း စုံစမ်းသိရသည်။ 
 
အဆိုပါဖြစ်စဉ်မှ ရဲသူဝင်းအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။