အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်
Published 5 July 2016
နေရိုင်း၊ ဇေယျာထွန်း

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အား နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် မကြာမီ အမိန့်ကြော်ငြာစာ ထုတ်ပြန်သွားမည်ဖြစ်ပြီး အဆိုပါ အဖွဲ့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီတို့ ဒုတိယအကြိမ် တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွဲ့စည်းခြင်းအကြောင်းအား ထည့်သွင်းပြောကြားခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ဦးဇော်ဌေးက “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတာကတော့ NRPC ဖွဲ့စည်းတဲ့ဟာ အကြမ်းဖျင်း ပြောပါတယ်။ မကြာခင် သမ္မတ လက်မှတ်ထိုးနဲ့ အမိန့်ကြော်ငြာစာ ထုတ်မယ်။ NRPC က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်။ ကျန်တာကတော့ အစိုးရအပိုင်း၊ တပ်မတော်အပိုင်း၊ လွှတ်တော်အပိုင်း ပါမယ်။ NRPC ရဲ့သဘောက ငြိမ်းချမ်းရေးတင် မဟုတ်ဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျန်တဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်။ ဥပမာ ရခိုင်ကိစ္စလို ဟာမျိုးလည်း ဒီစင်တာက ကိုင်တွယ်သွားမယ်ပေါ့နော်။ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကို တာဝန်ယူမယ့်ဟာလည်း NRPC ရဲ့အောက်မှာ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ပါမယ်” ဟု ပြောကြားသည်။ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး NCA မထိုးရသေးသည့် အဖွဲ့များဖြင့် လက်ရှိတွင် လုပ်ဆောင်ခဲ့မှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ NCA မထိုးသေးသည့် အဖွဲ့၏ မေးခွန်းများအား ပြန်လည် ဖြေကြားရန် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ခံယူခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး NCA ရေးထိုးခဲ့သည့် အဖွဲ့များနှင့် ဆွေးနွေးခဲ့မှုများ၊ ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ၊ ၂၁ ရာစု ပင်လုံညီလာခံအား မည်သည့်မူဝါဒနှင့် သွားမလဲ ဆိုသည်ကို မူဝါဒဖြတ်သည့် အစည်းအဝေးဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ထို့ပြင် NCA သဘောတူ စာချုပ်အရ NCA လက်မှတ်ရေးထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက်ရမည်ဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးခြင်း မရှိပါကလည်း ပင်လုံညီလာခံတွင် တက်ရောက်ပါက ပါဝင်ခွင့် ရရှိရန် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒ ပေးသွားကြောင်း သိရသည်။သတင်း မီဒီယာများအား ဦးဇော်ဌေးက “NCA မထိုးဘဲနဲ့ ပင်လုံ ညီလာခံမှာ တက်ရင် ပါဝင်ခွင့် ရမယ်လို့ ဒါကို မူပေးသွားတယ်။ CSO ဖိုရမ်တွေကို သူတို့အတွက် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း ဘယ်လို ချပေးမလဲ ဒါ မူဝါဒ ပေးသွားတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခြင်း မရှိတဲ့ နိုင်ငံရေးပါတီ ၇၀ ရှိတယ်။ ဒီ ၇၀ က CSO ဖိုရမ်မှာ သွားဆုံတဲ့ အချိန်မှာ CSO တွေကလည်း သဘော သဘာ၀ မတူတဲ့အတွက် တချို့တွေမှာ လက်မခံတာတွေ ရှိတယ်။ ရွေးကောက်ပွဲမှာ နေရာ တစ်နေရာမှ မရတဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်ခွင့် ဘယ်လို ပေးမလဲဆိုတာ ဖြေလျှော့ပေးဖို့ မူဝါဒ ချသွားတယ်။ ဒေသကို အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ လူမျိုးအခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ အကြောင်းအရာကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဒါတွေကို ဘယ်လိုလုပ်မလဲ။ ဆွေးနွေးပွဲ လုပ်တဲ့အခါမှာ ပိုက်ဆံ လိုတယ်။ Fund တွေ အနေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကူညီထောက်ပံ့မှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသစ်ဖွဲ့စည်းမယ့် NRPC ကနေ ဒီ Fund တွေ ကိုင်တွယ်သွားမယ်” ဟု ပြောကြားသည်။ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “မိုင်ဂျာယန် ကိစ္စက ဆောင်ရွက်လိုတဲ့ ကိစ္စ၊ ကျင်းပမယ့်ရက်၊ ရည်ရွယ်ချက်တွေကို အစိုးရဆီ တရားဝင် တင်ပြဖို့ ဆိုတာကို ပြောခဲ့တာ ရှိတယ်။ ထပ်လောင်းပြီး ဒီဟာကို ဆွေးနွေးတာတွေ ရှိတယ်။ ကျွန်တော်တို့ နားလည်သလောက်တော့ ချင်းမိုင်မှာ ၈ ရက်နေ့ ဝန်းကျင်လောက်မှာ တိုင်းရင်းသားတွေဘက်က စုဖွဲ့ပြီးတော့ ကျင်းပရေး Joint ကော်မတီတွေ ဖွဲ့ပြီးရင်တော့ အစိုးရဘက်ကို သူတို့ဘက်က နေပြီးတော့ အဆိုပြုချက်တွေ တင်မယ့် သဘောမျိုး ရှိပါတယ်။ စုဖွဲ့ ဆွေးနွေးတာဟာ ကောင်းတဲ့ လုပ်ငန်းတစ်ခုလို့ ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းကတည်းက မှတ်ချက်ပေးထားတဲ့အတွက် အစိုးရဘက်က အဆိုပါ တင်လာတဲ့ အပေါ်မှာ ဝိုင်းဝန်း ကူညီဖို့ ကိစ္စပဲ ရှိပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “နောက်ထပ်လည်း မိုင်းလားဒေသကို သွားရောက်ဖို့ ရှိတယ်။ နောက်ပြီး သုံးဖွဲ့ ကိစ္စကိုလည်း ထပ်ပြီး ရှင်းပြဖို့ ရှိတဲ့အတွက် ဒါတွေ အားလုံးကိုတော့ ဒီလ ၂၀ ရက် ဝန်းကျင်လောက်မှာ အားလုံး ပြီးပြတ်မယ့် အနေအထားမှာ ရှိပါတယ်။ တကယ်လို့ မိုင်ဂျာယန် ညီလာခံ ပြီးသွားရင်တော့ တရားဝင် Framework Review ကိုတော့ အားလုံးကို ဖိတ်ထားပါတယ်။ NCA မထိုးရသေးတဲ့ သူလည်း ဖိတ်ထားတော့ ဒါကို သြဂုတ်လဆန်းမှာ တရားဝင် စနိုင်ဖို့ တင်ပြခဲ့ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။လက်ရှိ အချိန်တွင် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့ ၁၃ ဖွဲ့ ရှိသည့်အနက် TNLA, AA, MNDAA သုံးဖွဲ့သာ တိတိကျကျ ရှင်းပြရန် ကျန်ရှိတော့သည်။အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ဒီနေ့ အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လာရောက်ပြီးတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက်ကို အထောက်အကူ အများကြီး ရပါတယ်။ ဆက်လုပ်တဲ့ နေရာမှာ မူဝါဒတွေ ရခဲ့တဲ့အတွက် ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။    

Most Read

Most Recent