ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) သြဂုတ် ၂၃ ရက်မှ ၂၇ ရက်ကြား ကျင်းပနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) သြဂုတ် ၂၃ ရက်မှ ၂၇ ရက်ကြား ကျင်းပနိုင်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောကြား
Published 5 July 2016

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကို ယခုနှစ် သြဂုတ် ၂၃ ရက်မှ ၂၇ ရက်ကြား ကျင်းပနိုင်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်သားအဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် ရှစ်ဦးဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခန့်မှန်းပြောကြားသည်။အဆိုပါ ညီလာခံကို ယခုနှစ် သြဂုတ်လ မတိုင်မီ ကျင်းပနိုင်ရေး ကြိုးစားမည်ဟု ဇွန် ၂၈ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံစဉ် ဆွေးနွေးသဘောတူထားသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရန် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တွင် တာဝန်ရှိသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယကလည်းဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ ရှစ်ဖွဲ့ရဲ့ တာဝန်က ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်လာပြီးတော့ အခု ကျန်ခဲ့တဲ့ အနိမ့်ဆုံးတော့ ခြောက်ဖွဲ့ရဲ့ အရေးကို စဉ်းစားဖို့ လိုလာတယ်။ အဲဒီ ခြောက်ဖွဲ့ပါရေးအတွက် အဖြေရှာဖို့အတွက် လွန်ခဲ့တဲ့ ရက်ပိုင်းက အားလုံး သိတဲ့အတိုင်းပဲ ဇွန်လ ၂၈ ရက်မှာ ကျွန်တော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို သွားတွေ့ပါတယ်။ နောက်ပြီးတော့ ဇွန်လ ၂၉ မှာ ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ခဲ့တယ်။ ရှစ်ဖွဲ့က ခေါင်းဆောင်တွေက။ အဲဒီလို တွေ့ခဲ့တဲ့အခါ တွေ့ခဲ့တဲ့ အားလုံးမှာလည်း အရေးကြီးတာ နှစ်ခုပါပဲ။ တစ်ခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်တိုးဖို့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မရပ်သွားဘဲနဲ့ ရှေ့ဆက်ဖို့ ဘာလိုအပ်လည်းဆိုတော့ ၂၁ ရာစု ပင်လုံလို့ နာမည်အသစ်ထည့်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ခေါ်ဖို့။ ဒါလည်းပဲ သဘောတူပါတယ်။ ကျွန်တော်ထင်တယ် မလွဲဘူးဆိုရင်တော့ မှန်းကြည့်တာပေါ့ သြဂုတ်လ ၂၃ ကနေ ၂၇ ဖြစ်ဖို့ များတယ်။ သို့သော်လည်းပဲ ယျေဘူယျအားဖြင့်တော့ သြဂုတ်လ မကုန်ခင် ဖြစ်အောင် လုပ်မယ်ဆိုတာတော့ ရှိပါတယ်။ တကယ်ကြိုးပမ်းမှုကတော့ အဲဒီကြိုးစားမှုမှာလည်း ကျွန်တော်တို့ အဖွဲ့အစည်းက ရှစ်ဖွဲ့ထဲမှာ ပါနေတဲ့ အခါကျတော့ ရှစ်ဖွဲ့ရဲ့ နိုင်ငံရေး ဦးဆောင်မယ်ဆိုတဲ့ ရှစ်ဖွဲ့က ကျွန်တော်တို့ ခေါ်တာ PPST လို့ခေါ်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဲဒီအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်သွားမှာ ကြောက်တယ်။ ထပ်တွန်းရမယ် အပစ်အခတ်ရပ်စဲရေး ရထားတာကို ခိုင်မာအောင် လုပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲ အမြန်ဆုံးပေါ်အောင်လုပ်မယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အမြန်ဆုံးပေါ်လာအောင် လုပ်မယ်” ဟု ပြောကြားသည်။အစိုးရသစ်က ဦးဆောင်မည့် ၂၁ ရာစု ပင်လုံကို မရရအောင် ပူးပေါင်း ပါဝင်ပြီး လိုက်ပါဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကျန်နေသူများ ပါလာရေးကို ပူးပေါင်းလုပ်ဆောင်ရန် ဆိုသည်ကို အစိုးရနှင့် NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့က လိုလားကြသည်ဟု ၎င်းက ဆိုသည်။လက်ရှိတွင် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်လာနိုင်ရေးအတွက် အစိုးရက ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းကာ လက်မှတ် မထိုးရသေးသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းလျက် ရှိသည်။အဆိုပါ အကြိုပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအရ ယခု ဇူလိုင်လလယ်တွင် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်တာများကို ဦးဆောင်လုပ်ကိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ခေါင်းဆောင်များ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် သဘောတူညီထားသည်။အစိုးရ၏ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “ခေါင်းဆောင်တွေ တွေ့ဆုံဖို့ ကျွန်တော်တို့ သဘောတူပြီးသားကို ဟိုဘက်ဒီဘက် ရက်ညှိနေပါတယ်။ ဇူလိုင်လလယ်မှာ တွေ့မယ်ဆိုတာက သဘောတူထားတယ်” ဟု ဇူလိုင် ၄ ရက်က ပြောကြားသည်။၂၁ ရာစုပင်လုံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် NCA လက်မှတ် ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ယခု ဇူလိုင်လအတွင်း ကျင်းပနိုင်ရေး တိုင်းရင်းသားအဖွဲ့များက ဆောင်ရွက်လျက် ရှိသည်။

Most Read

Most Recent