သုတေသန လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေမူကြမ်းတွင် နည်းပညာ လွှဲပြောင်းထားမှုများကို ပိုင်ဆိုင်သူနှင့် ရယူထားသူများ၏ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုပါက ထောင်ဒဏ်နှင့် ကျပ်သိန်း ၂၀၀ အထိ ဒဏ်ငွေ တပ်ရိုက်မည်ဟု

သုတေသန လုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေမူကြမ်းတွင် နည်းပညာ လွှဲပြောင်းထားမှုများကို ပိုင်ဆိုင်သူနှင့် ရယူထားသူများ၏ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုပါက ထောင်ဒဏ်နှင့် ကျပ်သိန်း ၂၀၀ အထိ ဒဏ်ငွေ တပ်ရိုက်မည်ဟု
Published 3 July 2016

အမျိုးသားအဆင့် သုတေသနလုပ်ငန်းများ အပါအဝင် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေမူကြမ်းတွင် နည်းပညာလွှဲပြောင်းထားမှုများကို ပိုင်ဆိုင်သူနှင့် ရယူထားသူများ၏ ခွင့်ပြုချက်မရရှိဘဲ အသုံးပြုပါက ထောင်ဒဏ် တစ်နှစ်နှင့် ငွေဒဏ် ကျပ်သိန်းနှစ်ရာအထိ ဒဏ်ငွေ တပ်ရိုက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြချက်အရ သိရသည်။သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေမူကြမ်းကို ပုဒ်မပေါင်း ၃၃ ခုနှင့် ရေးဆွဲထားပြီး အမျိုးသားသိပ္ပံ၊ သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဥပဒေအရ ဖွဲ့စည်းခွင့်ပေးအပ်ထားပြီး အစိုးရအဖွဲ့က ခန့်အပ်သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည်ဖြစ်ကာ အဖွဲ့ဝင် ၆၀ ဦးထက် မပိုရမည်ဟု ပုဒ်မ(၄) ၏ ပုဒ်မခွဲများတွင် ဖော်ပြထားသည်။အမျိုးသားသိပ္ပံ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ အနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသန စီမံကိန်းဆိုင်ရာ နှစ်စဉ်လိုအပ်မည့် အသုံးစရိတ်များကို ဘတ်ဂျက်မှ တောင်းခံနိုင်ရန် တာဝန်ခံဝန်ကြီးဌာနဖြစ်သည့် ပညာရေးဝန်ကြီးဌာနသို့ အကြံပေးရမည်ဖြစ်ပြီး သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ရန်ပုံငွေကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များထံမှ ထောက်ပံ့ကူညီငွေများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီငွေများနှင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများမှ ရရှိသည့် ငွေကြေးများ နှင့် ထူထောင်ရမည်ဖြစ်ကြောင်း ရေးဆွဲဖော်ပြထားသည်။နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်း ဆောင်ရွက်နေသည့် အစိုးရအဖွဲ့ အစည်းများ အပါအဝင် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် ရန်ပုံငွေထောက်ပံံ့ရာတွင် အမျိုးသားအဆင့် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ခြင်း၊ တီထွင်ဖန်တီးမှု သုတေသန ရန်ပုံငွေထောက်ပံ့ခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေသည့် မျိုးဆက်သစ်လူငယ်များအတွက် ရန်ပုံငွေထောက်ပံ့ခြင်း၊ ယှဉ်ပြိုင်မှုအခြေခံသော သုတေသနရန်ပုံငွေ ထောက်ပံ့ခြင်း၊ ပြည်တွင်းပြည်ပ သုတေသနပညာတော်သင်ဆု ထောက်ပံ့ခြင်းနှင့် နိုင်ငံတော်အဆင့်နှင့် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများ တက်ရောက်ခြင်း ကျင်းပခြင်းများ ပြုလုပ်ရေးအတွက် ရန်ပုံငွေထောက်ပံ့ခြင်းများ ပြုလုပ်ရမည်ဟု ရေးဆွဲထားသည်။နည်းပညာလွှဲပြောင်းရာတွင် နှစ်ဦး နှစ်ဖက် သဘောတူညီစာချုပ် ချုပ်ဆိုရမည် ဖြစ်ပြီး လွှဲပြောင်းရာ၌ မည်သူ့ကိုမဆို အခမဲ့ အသုံးပြုခွင့်ပေးခြင်း၊ ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပသို့ ဖြစ်စေ ရောင်းချခြင်း၊ အခကြေးငွေ ရယူပြီး နှစ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးခြင်း၊ အသုံးပြုခွင့် ရလာသည့် အကျိုးအမြတ်အပေါ် မူတည်၍  ရာခိုင်နှုန်းဖြင့် အသုံးပြုခွင့်ပေးခြင်း နည်းလမ်းများဖြင့် နည်းပညာလွှဲပြောင်းနိုင်သည်ဟု ရေးဆွဲထားသည်။နှစ်ဦးနှစ်ဖက် သဘောတူညီစာချုပ် ချုပ်ဆို လွှဲပြောင်းထားသည့် နည်းပညာကို နည်းပညာပိုင်ဆိုင်သူ လွှဲပြောင်းရယူထားသူများ၏  သဘောတူညီချက် မပါဝင်ဘဲ မည်သူမဆို အသုံးပြုခြင်း၊ ရောင်းချခြင်းတို့ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ်တစ်နှစ် ဖြစ်စေ၊ ငွေဒဏ်ကျပ် သိန်းနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပုဒ်မ ၂၆ တွင် ရေးဆွဲထားပြီး မည်သူမဆို နည်းပညာလွှဲပြောင်းရေးဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူညီစာချုပ်ကို  မမှန်မကန်ချုပ်ဆိုခြင်း၊ သို့မဟုတ် ချုပ်ဆိုစေခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် သိန်းသုံးရာ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပုဒ်မ ၂၇ တွင် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

Most Read

Most Recent