စက်မှုလုပ်ငန်း ဥပဒေအား ပြင်ဆင်နိုင်ရန် လေ့လာနေကြောင်း လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပြောကြား

စက်မှုလုပ်ငန်း ဥပဒေအား ပြင်ဆင်နိုင်ရန် လေ့လာနေကြောင်း လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 2 July 2016
ကျော်ဇင်ဝင်း

စက်မှုလုပ်ငန်း ဥပဒေအား ပြင်ဆင်နိုင်ရန် လေ့လာနေကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်လွင်(ခ) ဦးပေါခင်က ပြောကြားသည်။လက်ရှိတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ပထမပုံမှန် အစည်းအဝေး ကာလတွင် ကော်မတီ၏ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအပေါ် မေးမြန်းမှုအား ကော်မတီ အတွင်းရေးမှူးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။    “လောလောဆယ်တော့ ဥပဒေပေါ့နော်။ ကျွန်တော်တို့က စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတော့ လောလောဆယ် ကျွန်တော်တို့က ဥပဒေပြုဖို့က အဓိက တာဝန်ကျတာက စက်မှုလုပ်ငန်း ဥပဒေပေါ့။ အဲဒါကို ကျွန်တော်တို့ လေ့လာနေပါတယ်” ဟု ကော်မတီ အတွင်းရေးမှူး ဦးပေါခင်က ပြောကြားသည်။ထို့ပြင် စက်မှုလုပ်ငန်း ဥပဒေအား ပြင်ဆင်ရာတွင် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများအား တပေါင်းတည်း ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။“စက်မှုလုပ်ငန်း ဥပဒေက အိမ်တွင်း စက်မှု လက်မှု လုပ်ငန်းတို့၊ နောက်တစ်ခါ ပုဂ္ဂလိက စက်မှုလုပ်ငန်းလေးတွေ ရှိတာလေးတွေ ဒါလေးတွေ အကုန်လုံး တပေါင်းတစည်းတည်း လုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ လေ့လာညှိနှိုင်း ဆောင်ရွက်နေပါတယ်။ အကြမ်းအဆင့်ပဲ ရှိသေးတယ်။ ဒါတွေ ကျွန်တော်တို့ ကော်မတီ အနေနဲ့ ပြီးပြီဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ဖိတ်ကြားပြီးတော့ ညှိနှိုင်းမယ်။ ညှိနှိုင်းပြီး အတည်ပြုချက် ရပြီ ဆိုလို့ရှိရင် ဥပဒေကြမ်း ကော်မတီကို တင်မှာပါ” ဟု ကော်မတီ အတွင်းရေးမှူး ဦးပေါခင်က ပြောကြားသည်။ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ဥပဒေများကို လေ့လာနေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန်လည်းရှိကြောင်း ဦးပေါခင်က ပြောကြားသည်။“ရင်းနှီးမြှုပ်နှံမှု အပေါ်လည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အနေနဲ့ အသစ်ထပ်မံ ဖြည့်စွက်စရာ ရှိတာလေးတွေ၊ အကြံပေးစရာ ရှိတာလေးတွေ၊ ကျွန်တော်တို့ အကုန်လုံး လေ့လာနေပါတယ်။ တွေ့လည်း တွေ့ထားပါတယ်။ ဒါလေးတွေက ဖိုင်နယ်တော့ မရောက်သေးဘူး။ ကျွန်တော်တို့ အလျဉ်းသင့်တဲ့ အချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ခေါ်မယ်။ MIC တွေ ဘာတွေ ခေါ်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမယ်။ ညှိနှိုင်းပြီးတော့မှ ဥပဒေကြမ်းကော်မတီကို တင်မှာကို အဆင့်တွေက လိုပါသေးတယ်” ဟု ဦးပေါခင်က ပြောကြားသည်။ထို့အတူ ကော်မတီ၏ အခြား တာဝန်တစ်ခု ဖြစ်သည့် စီမံကိန်းကြီးများသို့ သွားရောက်လေ့လာ စစ်ဆေးရန် ကိစ္စအား လာမည့် အောက်တိုဘာလခန့်မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးပေါခင်၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent