ဖုန်းနှင့် ရွှေထည် အပါအဝင် တန်ဖိုးကြီး ပစ္စည်းများ ဓားဖြင့် ခြိမ်းခြောက် လုယက်မှု ရန်ကုန်တိုင်း ဒေသကြီး၌ ဇွန်လ အတွင်း ဆက်တိုက် ဖြစ်ပွားနေ

ဖုန်းနှင့် ရွှေထည် အပါအဝင် တန်ဖိုးကြီး ပစ္စည်းများ ဓားဖြင့် ခြိမ်းခြောက် လုယက်မှု ရန်ကုန်တိုင်း ဒေသကြီး၌ ဇွန်လ အတွင်း ဆက်တိုက် ဖြစ်ပွားနေ
Published 2 July 2016
နေမျိုးဝင်း

ဓားကဲ့သို့ လူကို သေစေနိုင်သော လက်နက်များ အသုံးပြု၍ ဖုန်းနှင့် တန်ဖိုးကြီး ပစ္စည်းများ လုယက်မှု ဇွန်လအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများ အရ သိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားမှုများမှာ ညပိုင်းများတွင်သာ လုယက်မှုဖြစ်သည် သာမက နေ့ခင်းပိုင်းများတွင်လည်း ဆိုင်ကယ်များ အသုံးပြု၍ လုယူ ထွက်ပြေးမှုများအပြင် ခရီးသည်တင် ယာဉ်ပေါ်တွင် အုပ်စုဖွဲ့ တိုက်ခိုက် လုယက်မှုများလည်း ပါဝင်ကြောင်း မှုခင်း မှတ်တမ်းများ အရ သိရသည်။
ပြီးခဲ့သည့် ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် အင်းစိန်မြို့နယ် ရွာမအနောက် ရပ်ကွက်တွင် နေထိုင်သည့် ကို......(၄၂ နှစ်) မှာ ဇွန် ၃ ရက် ည ၇ နာရီ ခွဲခန့်တွင် ယင်းမြို့နယ်ရှိ ဘုရင့်နောင်လမ်း အမှတ် (၄၈) ကားဂိတ်အနီး၌ ဆိုင်ကယ် ကယ်ရီမောင်းရန် ဂိတ်ထိုးထားစဉ် အမျိုးသား တစ်ဦးက ကြို့ကုန်းအနောက် ရပ်ကွက်သို့ လိုက်ပို့ပေးရန် ငှားရမ်းသဖြင့် လိုက်ပါသွားကြောင်း၊ ထို့သို့ လိုက်ပါသွားစဉ် ကြို့ကုန်းအနောက် ရပ်ကွက်၊ စိန်ရောင်ခြည် ဘုရားအနီး မမာဦး လမ်းသွယ် မှောင်ရိပ်အရောက် စက်ဘီးဖြင့် ရပ်စောင့်နေသည့် အမျိုးသား တစ်ဦးကို တွေ့သည့် အချိန်တွင် ဆိုင်ကယ် ငှားစီးလာသည့် အမျိုးသား တစ်ဦးက ကို..... (၄၂ နှစ်) အား ရပ်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ရပ်ပေးစဉ် စက်ဘီးဖြင့် စောင့်နေသည့် အမျိုးသားက ဦး....(၄၂ နှစ်) အား ချွန်ထက်သည့် အရာဖြင့် ထိုးပြီး ဦး.....(၄၂ နှစ်) ၏ ဆိုင်ကယ်ကို လုယူသွားကြောင်း သိရသည်။
ထို့ပြင် ဇွန် ၉ ရက် ည ၇ နာရီခွဲခန့်က အင်းစိန်မြို့နယ်တွင် နေထိုင်သည့် မ....(၂၂ နှစ်) သည် မောင်တစ်ဝမ်းကွဲ တော်စပ်သူ မောင်.....(၂၁ နှစ်) နှင့်အတူ တညင်းကုန်း ဘူတာဈေးတွင် ဈေးဝယ်ပြီး နေအိမ်သို့ ပြန်လာစဉ် မင်းကြီးမဟာ မင်းခေါင်လမ်းနှင့် မက္ခရာ မင်းသားကြီး လမ်းထောင့်အနီး အရောက်တွင် မီးပျက်သွားသည့် အချိန်၌ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ် နှစ်စီးနှင့် လူလေးဦးခန့် ရောက်လာပြီး ၎င်းတို့ လေးဦးထဲမှ တစ်ဦးမှ ဓားဟု ယူဆရသည့် အရာကိုင်ထားပြီး ‘ပါတဲ့ ပစ္စည်းချွတ်’ ဟု ပြောဆိုပြီး ကျန်သုံးဦးမှာ မောင်....အား ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထိုးကြိတ်သဖြင့် မ.....(၂၂ နှစ်) မှာ ပါလာသည့် လက်ကိုင်ဖုန်းနှင့် ရွှေလက်စွပ် တစ်ကွင်းကို ချွတ်ပေးခဲ့ကြောင်း၊ ထို့နောက် ရွှေနားကွင်း ဖြုတ်ပေးနေစဉ် ၎င်းတို့ထဲမှ တစ်ဦးက “ကြာတယ်” ဟုပြော၍ ဆွဲဖြုတ်ယူခဲ့ပြီး ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
ထို့ပြင် ဇွန် ၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဇွန် ၂ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဇွန် ၃ ရက်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဇွန် ၅ ရက်တွင် သန်လျင်မြို့နယ်၊ ဇွန် ၁၀ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇွန် ၁၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ ဇွန် ၁၆ ရက်တွင် အင်းစိန်မြို့နယ်နှင့် တွံတေးမြို့နယ်၊ ဇွန် ၂၀ ရက်တွင် ကျောက်တံတားမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်၊ ဇွန် ၂၇ ရက်နှင့် ဇွန် ၂၈ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ဇွန် ၃၀ ရက်တွင် မရမ်းကုန်းမြို့နယ် စသည့် မြို့နယ် အသီးသီးတွင်လည်း လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့တဲ့ လလောက်က ကျွန်တော် စက်ရုံက ည ၈ နာရီလောက်မှာ စက်ဘီးနဲ့ ပြန်လာတယ်။ အဲဒီလို ပြန်လာပြီး အဝေးပြေးဝင်းနားက သုံးလမ်းဆုံနားရောက်တော့ နောက်ကနေ ဆိုင်ကယ် စီးလာတဲ့ လူနှစ်ဦးက ကျွန်တော့် စက်ဘီးမှာ ချိတ်ထားတဲ့ ဘေးလွယ်အိတ်ကို အတင်းဆွဲလုပြီး ထွက်ပြေးတယ်။ ကျွန်တော့် ဘေးလွယ်အိတ်က စက်ဘီးနဲ့ ကပ်ချည်ပြီး ချိတ်ထားတာဆိုတော့ ပါမသွားဘူး။ စက်ဘီးနဲ့ လူလမ်းဘေးလဲပြီး ဒဏ်ရာတော့ ရသွားတယ်။ စက်ရုံက ကောင်မလေးတွေလည်း မကြာမကြာ ဖုန်းတွေ အလုခံရလို့ အုပ်စုဖွဲ့ပြီး ပြန်ကြတယ်” ဟု မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ် စက်ရုံတစ်ရုံမှ လုံခြုံရေးဝန်ထမ်း ဦးဝင်းမြင့်က ပြောကြားသည်။
ဇွန် ၁၄ ရက် ည ၇ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်၊ (၅/၆) ရပ်ကွက်နေ မ.......(၂၅ နှစ်) သည် ၎င်း၏ ရည်းစားဖြစ်သူ ကို..... (၃၀ နှစ်) နှင့် အတူ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်၊ စက်မှုဇုန်ပတ်လမ်း အတိုင်း ဆိုင်ကယ် စီးနင်း မောင်းနှင်လာစဉ် ၎င်းတို့၏ အနောက်မှ အသက် ၂၀ ခန့်ရှိ အမျိုးသား လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လိုက်ပါလာပြီး အဆိုပါ အမျိုးသား လေးဦးက ၎င်းတို့အနားသို့ ရောက်လာကာ ဆိုင်ကယ်ပေါ်မှ ဆင်းပြီး ကို....(၃၀ နှစ်) အား ဝိုင်းဝန်း ချုပ်နှောင်၍ ဓားဖြင့် ထိုးခဲ့ကြောင်း၊ ယင်းသို့ ဓားဖြင့်ထိုးပြီး မ....(၂၅ နှစ်) ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ဖုန်းနှင့် ငွေကျပ် ၂၀၀၀၀၊ ကို.... (၃၀ နှစ်) ဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် ငွေကျပ် ၅၀၀၀၀ တို့ လုယူကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဓားဖြင့် အထိုးခံခဲ့ရသည့် အတွက် ကို....(၃၀ နှစ်) မှာ ဝဲဘက်နံဘေး ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိပြီး အင်းစိန် ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဇွန် ၂၀ ရက် ည ၉ နာရီ မ.... (၂၁ နှစ်) သည် ကျောက်တံတား မြို့နယ် (၃၃) လမ်း၌ ရှိသည့် အလုပ်သမား အဆောင်မှ ထွက်လာခဲ့ရာ မြို့တော်ခန်းမ နောက်ကျောဘက် အရောက်၌ အနောက်မှ အသက် (၂၅ နှစ်) ဝန်းကျင်ခန့်ရှိ အမျိုးသား တစ်ဦး လိုက်ပါလာပြီး မ....၏ လက်ထဲတွင် ကိုင်ထားသည့် ဖုန်းအား လုယူခဲ့ကြောင်း၊ ယင်းသို့ လုယူသဖြင့် မ.... က ဖုန်းအား ပြန်လည် ဆွဲယူလိုက်စဉ် အဆိုပါ အမျိုးသားက အသင့် ယူဆောင်လာသည့် အရိုးအသွား ခြောက်လက်မခန့်ရှိ သစ်သီး လှီးဓားဖြင့် မ..... အား ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဓားဖြင့် အထိုးခံခဲ့ရသည့် အတွက် မ..... မှာ ဝဲဘက် နံကြားထိုးသွင်း ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ မှုခင်းများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လူနေထူထပ်ပြီး မှုခင်းဖြစ်ပွားမှု များနေသည့် မြို့နယ်များတွင် မှုခင်းလျော့နည်း ကျဆင်းရေး ရက် ၁၀၀ စီမံချက် အပြင် အထူးတစ်လ စီမံချက်ဖြင့် လုံခြုံရေး တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။
“ကျွန်တော်တို့ ရဲတပ်ဖွဲ့ကတော့ အခု ရပ်ကွက် အလိုက် မှုခင်း ကျဆင်းရေးတွေ ဟောပြောနေပါတယ်။ ဒါပေမဲ့ တချို့လည်း စီးပွားရေး မကောင်းလို့ ကြံမိကြံရာ ကြံတဲ့လူတွေက များတယ်။ အရင်တုန်းက ပြစ်ချက်ဟောင်းရှိတဲ့ လူတွေကလည်း ရဲတွေရဲ့ အငိုက်ကိုစောင့်ပြီး ပြစ်မှုတွေ ကျူးလွန်ကြတယ်။ ကျွန်တော်တို့ကတော့ ကျုးလွန်နိုင်ခြေရှိတဲ့ သူတွေရော၊ ကျူးလွန်ဖူးတဲ့ သူတွေကိုရော စောင့်ကြည့်မှုတွေ လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent