ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအတွက် ဆောင်ရွက် ပေးနေသည့် ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများ မေးမြန်းမည်ဟု လွှတ်တော်ကော်မတီ အတွင်းရေးမှူး ပြောကြား

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအတွက် ဆောင်ရွက် ပေးနေသည့် ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများ မေးမြန်းမည်ဟု လွှတ်တော်ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 30 June 2016
မျိုးမင်းထက်

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့် ရက် ၁၀၀ စီမံချက်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကော်မတီ၌ မေးမြန်းရန်ရှိကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
လက်ရှိအစိုးရသစ်၏ တာဝန်ယူ ဆောင်ရွက်နေမှုမှာ သုံးလနီးပါး ရှိပြီဖြစ်သည်။
"နောက်တစ်ခု ပြောချင်တာက ရက် ၁၀၀ ပြည့်ပေါ့နော်။ ပို့ဆောင်၊ ဆက်သွယ်ရေးရဲ့ ဝန်ကြီးတွေရဲ့ ရက် ၁၀၀ ပြည့်တဲ့အချိန်မှာ သူတို့ မလုပ်နိုင်၊ မပြီးတာတွေကိုလည်း ဦးတို့ကော်မတီက ကြားနာစစ်ဆေးပြီးတော့ ဘာကြောင့်မပြီးလဲ ဘာကြောင့်ဖြစ်ခဲ့တယ် ဆိုတာကို အဖြစ်မှန်သိအောင် မှတ်တမ်းတင်ဖို့ ခေါ်ပြီးဆွေးနွေးဖို့ အဆင်သင့်ပါ။ Check and Balance ပေါ်အောင် လုပ်ပေးဖို့ပါ" ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးနေဖူးဗဆွေက ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက "လွှတ်တော်ကြီး အနေနဲ့ မဟုတ်ဘူး။ ရေးရာကော်မတီ အနေနဲ့ ဆောက်လုပ်ရေး ဆိုတော့ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ သက်ဆိုင်ရာ ဝန်ထမ်းနဲ့ တာဝန်ရှိသူပေါ့ ပို့ဆောင်ဆက်သွယ်ရေး ရက် ၁၀၀ က သူတို့စာရင်းတွေ ပို့ထားတယ်။ ဘာတွေလုပ်မယ်ဆိုတာ ဦးတို့ဆီမှာ ရှိတယ်။ ပြီးလား၊ မပြီးဘူးလား။ ဘယ်လောက်ရာခိုင်နှုန်းပြီးလဲ။ ဘာကြောင့်မပြီးလဲ ဆိုပြီးတော့ ဦးတို့က ခေါ်ပြီးတော့ Check and Balance လုပ်ပေးမှာပါ။ ရက် ၁၀၀ စီမံကိန်းကို တောင်းထားတယ်။ ရက် ၁၀၀ ပြည့်ရင် ဘာကြောင့်မပြီးလဲ ဆိုတာတော့ ဦးတို့က မစွပ်စွဲဘူး။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ ခေါ်ပြီးတော့ ဘ ကြောင့်မပြီးလဲ။ ငွေကြောင့်လား။ စီမံခန့်ခွဲမှုကြောင့်လား။ ရာသီဥတုကြောင့်လား ဆိုတာကို ဦးတို့မေးပြီး မှတ်တမ်းတင်ပေးမှာပါ" ဟု ပြောကြားသည်။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့အား အဓိက Check and Balance လုပ်ရကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းသည် စုစုပေါင်း ၃၆၆ မိုင်ရှည်ပြီး ယင်းလမ်းမကြီး၌ ခြောက်ရာခိုင်နှုန်းခန့်သည် အထူးပြုပြင်ရန် လိုအပ်သည့်အတွက် ရက် ၁၀၀ အတွင်း ဦးစားပေး ပြင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုသို့ နိုင်လွန်ကက္တရာခင်း စက် ၁၄ စုံပို့ကာ မြို့များ၏ အဆင့်အတန်းကိုမြှင့်ရန် ရက် ၁၀၀ အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ရက် ၁၀၀ စီမံကိန်းနှင့် ပတ်သက်၍ ပြောကြားထားသည်။
တန်ဖိုးနည်း အိမ်ရာကို ငွေကျပ်သိန်း ၁၀၀ အောက်ရရှိနိုင်သမျှ ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ အောင်မြင်ရန်လည်း အရေးကြီးကြောင်း၊ မြို့ပြအိမ်ရာ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရန်ကုန်နှင့် မန္တလေးတို့တွင် ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် များစွာလိုအပ်နေကြောင်း ဦးဝင်းခိုင်က ဆိုသည်။
ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသား သယ်ယူပို့ဆောင်ရေး မူဝါဒတစ်ရပ် ရေးဆွဲရေးသည် ရက် ၁၀၀ အတွင်း ပထမဦးဆုံး ပြုလုပ်မည့် လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအောက်တွင် ဌာနပေါင်း ၁၈ ခုရှိပြီး သက်ဆိုင်ရာ ဌာနအလိုက် ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် ၁၇ ခုရှိကြောင်း၊ လေကြောင်းကဏ္ဍ၊ ရေကြောင်းကဏ္ဍ၊ ကုန်လမ်းပို့ဆောင်ရေး ကဏ္ဍနှင့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းများ ချမှတ်ပြီး ပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု ပြောကြားထားသည်။        
 

Most Read

Most Recent