သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး သီးခြားစီ တွေ့ဆုံပြီး အလုပ်သမား၊ နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စများ ဆွေးနွေး

သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး သီးခြားစီ တွေ့ဆုံပြီး အလုပ်သမား၊ နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စများ ဆွေးနွေး
Published 29 June 2016
စိုးမင်းထိုက်

သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် (တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင် ဇွန် ၂၉ ရက်က သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာများ ညှိနှိုင်းဆောင်ရွက်ရန် အစရှိသည့် ကိစ္စများအား အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။    သမ္မတ ဦးထင်ကျော်သည် ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် (တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် (တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် သမ္မတနှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတက နှစ်နိုင်ငံ နယ်စပ်တွင် အလုပ်သွားရောက် လုပ်ကိုင် ဆက်ဆံရာတွင် ထိုင်းနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန်၊ တစ်ခါတရံတွင် အကြောင်းကြောင်းကြောင့် ဖြစ်တတ်သည့် ပြဿနာများအား နားလည်ပေးရန်၊ မြန်မာအလုပ်သမားများ လွန်ပါကလည်း နားလည်ပေးရန် ပြောကြားသည်။ထိုင်းနိုင်ငံ၏ တရားဝင် စာရင်းများအရ မြန်မာ အလုပ်သမား တစ်သန်းကျော် ရှိကြောင်း၊ မှုခင်းဖြစ်ပွားမှုသည် ၁၀၀ ခန့်သာ ရှိကြောင်း၊ မှုခင်းဖြစ်ပွားမှု နည်းပါးသည့်အတွက် စိုးရိမ်စရာ မရှိကြောင်း ထိုင်းနိုင်ငံဘက်က ပြန်လည် ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများအား ရှင်းလင်းသည်။ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပူးပေါင်းဖြေရှင်းရန်၊ စစ်ဘေးရှောင် ဒုက္ခသည်များအား မူရင်းဒေသသို့ ပြန်လည်ခေါ်ဆောင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏအား ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ အထိ တိုးမြှင့် ရောက်ရှိရန် ဆွေးနွေးခဲ့ကြောင်း၊ ယခင်က ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ခန့်သာ ရှိခဲ့ကြောင်း၊ ထို့အတွက် တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် နိုင်ငံတကာတွင် စံပြဖြစ်ရန်အတွက် ဆက်ဆံရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ် ကိစ္စများ၊ နယ်စပ် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။“အဓိက ဆွေးနွေးခဲ့တဲ့ အချက် အနေနဲ့ကတော့ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ နယ်နိမိတ် ပြဿနာတွေကို နှစ်နိုင်ငံ တိုင်းတာနိုင်ခြင်း မရှိသေးဘဲ ရပ်တန့်ထားမှုများအား ပြန်လည်ဆွေးနွေးပြီး တိုင်းတာမှုတွေ ပြန်လည် ပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးတွဲ အစည်းအဝေးအား မကြာမီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း၊ အငြင်းပွားနေမှုအား အဆိုပါ ကော်မတီမှ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်
ထို့ပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ၏ ဥပဒေများအတိုင်း အကာအကွယ် စောင့်ရှောက်မှု ရရှိရန်၊ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း၊ ယင်းအချက်အား ထိုင်းနိုင်ငံဘက်မှ တည်ဆဲ ဥပဒေများ ရှိကြောင်း၊ ဥပဒေများအား ပြင်ဆင်ထားကာ ဆောင်ရွက်နေကြောင်း  ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ထို့ပြင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အကျိုးဖြစ်ထွန်းစေမည့် ပူးတွဲ စီမံကိန်းများ၊ အထူးသဖြင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ရဲတပ်ဖွဲ့များအကြား လေ့ကျင့်ရေး၊ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်အား မေတ္တာရပ်ခံ တောင်းပန်သည့် အချက်တစ်ခု ရှိကြောင်း၊ ယင်းအချက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့စဉ်က ထိုင်းဘက်မှ အရာရှိများအား ရာထူးဖြုတ်သည့်ကိစ္စ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကြောင့် အလုပ်ဖြုတ်ခံရသည်ကို စိတ်မကောင်း မလိုလားကြောင်း၊ ထိုသို့ ပြောကြားချက်အား ထိုင်းနိုင်ငံဘက်က ပြန်လည် ရှင်းလင်းရာတွင် ၎င်းအရာရှိများသည် လူကုန်ကူးမှုများနှင့် ဆက်နွှယ်နေကြောင်း၊ ၎င်းတို့ကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း၊ စစ်ဆေးမှုများ ပေါ်ပေါက်လာသည့် အတွက် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ထို့ပြင် ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် (တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဇွန် ၂၉ ရက် နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

Most Read

Most Recent