မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်မောင်းများ စည်းကမ်း ချိုးဖောက်ပါက ဒဏ်ငွေအပြင် မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့် တစ်လမှ ရာသက်ပန် ရပ်ဆိုင်းသည့် ပြစ်ဒဏ်များ ချမှတ်နေဟု ဆို

မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်မောင်းများ စည်းကမ်း ချိုးဖောက်ပါက ဒဏ်ငွေအပြင် မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့် တစ်လမှ ရာသက်ပန် ရပ်ဆိုင်းသည့် ပြစ်ဒဏ်များ ချမှတ်နေဟု ဆို
Published 29 June 2016
ဉာဏ်ဝင်းရှိန်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်အကူများ စည်းကမ်း ချိုးဖောက်ပါက မထထ၏ စည်းကမ်းချက် ၁၃၈ ချက်အရ ငွေဒဏ်ပြစ်ဒဏ် အပြင် မထသ လက်အောက်ရှိ ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့် တစ်လမှ ရာသက်ပန် အထိ ရပ်ဆိုင်းသည့် ပြစ်ဒဏ်များ ချမှတ်နေကြောင်း မထသ (ဗဟို) မှ စုံစမ်း သိရှိရသည်။
ထိုသို့ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သားများအား အရေးယူသည့် နေရာတွင် မော်တော်ယာဉ် ဥပဒေအရ အရေးယူရသည့် ပြစ်ဒဏ်များတွင် သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲဆိုမှု၊ ဒဏ်ငွေ ချမှတ်မှုများ ပြုလုပ်ပြီး မထသ(ဗဟို)အနေဖြင့် စစ်ဆေး တွေ့ရှိသည် ဖြစ်စေ ခရီးသွား ပြည်သူများမှ တိုင်ကြားသည် ဖြစ်စေ အဆိုပါ စည်းကမ်း ချိုးဖောက်သည့် ယာဉ်လုပ်သားများအား မထသ၏ စည်းကမ်းချက် ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်အရ အရေးယူကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
“စည်းကမ်းဖောက်တဲ့ ယာဉ်လုပ်သားတွေကို အရေးယူတဲ့ နေရာမှာ နှစ်နည်းနဲ့ ယူတယ်။ တစ်နည်းက ကျွန်တော်တို့ မော်တော်ယာဉ် ဥပဒေအရ အရေးယူရမယ့် ကိစ္စရပ်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားစွဲဆို တရားရုံးတင်ပြီး အပြစ်ပေး အရေးယူတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မထသ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တွေက စစ်လို့ တွေ့သည်ဖြစ်စေ ပြည်သူလူထုက တိုင်ကြားတဲ့ အမှုဖြစ်စေ အဲဒီ အမှုတွေနဲ့ ပတ်သက်ရင် မထသ(ဗဟို)က ယာဉ်စည်း ကမ်းထိန်းသိမ်းရေး ပြစ်မှု ပြစ်ဒဏ် ၁၃၈ ချက်ဆိုတာ ရှိတယ်။ အဲဒါနဲ့ အရေးယူတဲ့ နေရာမှာ ဒဏ်ငွေတပ် အရေးယူတာ ပါတယ်။ အလုပ်ပိတ်တဲ့ဒဏ် ပါတယ်။ အလုပ်ပိတ်တယ် ဆိုတာ မထသ လက်အောက်က ယာဉ်လိုင်းတွေမှာ မောင်းနှင်ခွင့် ရပ်ဆိုင်းတာ ဖြစ်တယ်။ လိုင်စင်ပိတ်တာ မဟုတ်ဘူး။ တစ်လ မောင်းနှင်ခွင့် ပိတ်တာ ရှိတယ်။ သုံးလ ရှိတယ်။ ခြောက်လ ရှိတယ်။ နောက်ဆုံး ရာသက်ပန်အထိ ရှိပါတယ်။ အဲဒီလို အရေးယူထားတာ ရှိပါတယ်” ဟု ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီမှ ဇွန်လ တတိယပတ်အထိ မထသ (ဗဟို) သို့ ခရီးသွား ပြည်သူများက တိုင်ကြားထားသည့် အမှုပေါင်း ၁၀၇၇ မှု ရှိကြောင်း မထသ (ဗဟို) မှ စုံစမ်း သိရသည်။ ပြည်သူများက တိုင်ကြားခဲ့သည့် အမှုများမှာ ယာဉ်စီးခ ပိုတောင်းခံမှု ၇၃၃ မှု၊ မချေမငံ ဆက်ဆံမှု ၁၂၀၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ခုနစ်မှု၊ သတ်မှတ်လမ်းကြောင်း မမောင်းနှင်မှု ၄၀၊ သတ်မှတ် မှတ်တိုင် မရပ်မှု ၆၁ မှု၊ အရှိန်ပြင်း မောင်းနှင်မှု လေးမှု၊ မဆင်မခြင် မောင်းနှင်မှု ၄၀၊ ဂိတ်စ ဂိတ်ဆုံး မမောင်းနှင်မှု ၇၂ မှုတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁၅ ရက်အတွင်း ခရီးသည်တင် ယာဉ်များတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၀၅ ကြိမ်အထိ ရှိခဲ့ပြီး လူ ၄၁ ဦး သေဆုံးကာ ၂၃၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မထသ (ဗဟို) မှ စုံစမ်း သိရှိရသည်။

Most Read

Most Recent