နွေစပါး ရိတ်သိမ်းပြီးချိန်၌ အမျိုးအစားပေါ် မူတည်၍ နွေစပါး တင်း ၁၀၀ လျှင် ကျပ် လေးသိန်းခွဲမှ ခုနစ်သိန်းအထိ ပေါက်ဈေးရှိနေကာ တောင်သူများအနေဖြင့် နွေစပါး ရောင်းချရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းအထိ လျှော့ချမှသာ ဈေးကောင်းရနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဇွန် ၂၉ ရက်တွင် ပြောကြားသည်။
လက်ရှိ နွေစပါးပေါက်ဈေးအနေဖြင့် အမျိုးအစားနှင့် နေရာဒေသပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိကြောင်း သိရသည်။
ပဲခူးအနောက်ဘက်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆန်ကြမ်းအမျိုးအစားဖြစ်သည့် နွေစပါး တင်း ၁၀၀ လျှင် ငါးသိန်းဝန်းကျင် ပေါက်ဈေးရှိပြီး ရတနာတိုး၊ ဇီယာ၊ မနောသုခ၊ ဆင်းသွယ်လတ်နှင့် ပုလဲသွယ်အမည်ရှိ နွေစပါးတင်း ၁၀၀ လျှင် ကျပ် ငါးသိန်း လေးသောင်း ပေါက်ဈေးရှိကာ ဧရာမင်း တင်း ၁၀၀ လျှ င် ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ထွက်ရှိသည့် ကျော်ဇေယျ၊ ရွှေဝါထွန်းနှင့် ကရင်မထိပ်ခေါင်အမျိုးအစားဖြစ်သည့် နွေစပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်း ငါးသောင်း ပေါက်ဈေးရှိကြောင်း သိရသည်။
“နွေစပါးက နေရာဒေသနဲ့ အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ ဧရာမင်း အမျိုးအစားဆိုရင် တင်း ၁၀၀ ကို ခြောက်သိန်းကနေ ခုနစ်သိန်းအထိ ရှိတယ်။ ပုလဲသွယ်တို့ မနောသုခတို့ဆိုရင် ငါးသိန်း လေးသောင်းအထိ ပေါက်ဈေး ရှိပါတယ်။ လက်ပံတန်းဘက်မှာ လေးသိန်းခွဲ ပေါက်တယ်ဆိုတာက ရွှေဝါထွန်းတို့ ကရင်မထိပ်ခေါင် ဖြစ်မှာပါ။ နောက်ပြီး တောင်သူတွေက စပါးဈေးကျတယ် ဆိုရင် စပါးဈေး မကောင်းဘူးဆိုပြီး ပြောပြောနေကြတယ်။ တကယ်တော့ တောင်သူတွေအနေနဲ့ နွေစပါး စိုက်ပြီး ရောင်းမယ်ဆိုရင် နွေစပါးတွေကို ကုန်သည်တွေလက်ထဲ မရောက်ခင် အစိုဓာတ်လျှော့ချပြီးမှ ရောင်းရမှာပါ။ နွေစပါးမှာ ဈေးကော င်းမရတဲ့ တောင်သူတွေကို ပြောချင်တာက နွေစပါးကို ကုန်သည်တွေလက်ထဲ မရောက်ခင် အစိုဓာတ် လျှော့ချပေးရမယ်။ အစိုဓာတ်ကို သတ်မှတ်ထားတဲ့ ၁၄ ရာခိုင်နှုန်းအထိကို လျှော့ချပေးရမှာ။ အဲဒါကို တချို့ တောင်သူတွေက စပါးမှာ အစိုဓာတ်က ၂၅၊ ၂၈ ရာခိုင်နှုန်းလောက် ဖြစ်နေတော့ စပါးက ဈေးကောင်း မရတော့တာပါ။ ဒါကြောင့်မို့လို့ တောင်သူတွေအနေနဲ့ အခြောက်ခံစက်ကို တတ်နိုင်မယ်ဆိုရင် စုပေါင်းပြီး ဝယ်ထားသင့်ပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
လက်ရှိတွင် နွေစပါးအနေဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းနှင့် မန္တလေးဒေသကြီးရှိ နွေစပါးများသည့် ဈေးကွက်သို့ ရောက်ရှိနေပြီး နေပြည်တော်ကော်စီ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် လယ်ဝေးတွင် နွေစပါးစတင်၍ ရိတ်သိမ်းမှု များပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် စပါးဈေးအနေဖြင့်လည်း တင်း ၁၀၀ လျှင် ကျပ် လေးသိန်းခွဲအထက် ရရှိနိုင်မှသာ တောင်သူများအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။
နွေစပါး ရိတ်သိမ်းပြီးချိန်၌ အမျိုးအစားပေါ် မူတည်၍ နွေစပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းခွဲမှ ခုနစ်သိန်းအထိ ပေါက်ဈေးရှိနေ









