နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံသည်ဟု ဆိုသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြားမှုအပေါ် နိုင်/ကျဉ်းရေးရာ အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ကာ မေးခွန်းထုတ်မှုများ ရှိလာသည်။
ဇွန် ၂၇ ရက်က အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ပထမ ရက် ၁၀၀ စီမံကိန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မေးမြန်းချက်တွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးကျော်တင့်ဆွေက “ဒီမိုကရေစီအစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား မရှိစေရ ဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်ရင်းစေတနာ၊ မူဝါဒနဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့က ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့တဲ့ သဘောပဲဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့တော့ ပြင်ပအဖွဲ့အစည်းတွေရဲ့ စာရင်းဇယားအရ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအရ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေအပေါ်မှာ အရေးယူခံရတာတွေကိုပဲ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံပါတယ်”ဟု ပြောကြားသည်။
ထိုသို့ပြောကြားမှုအရ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံရမှုတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အခြားသောပုဒ်မ အသီးသီးဖြင့် အကျဉ်းကျခံခဲ့ရသူများနှင့် အကျဉ်းချခံထားရသူများ မပါဝင်သည့် သဘော သက်ရောက်နေကြောင်း နိုင်/ကျဉ်းရေးရာအဖွဲ့အစည်းများက ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက “သူက လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် တစ်ခုတည်းနဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တာတော့ ဘောင်ကျဉ်းလွန်းတယ်။ တကယ်ဆိုရင် ခေတ်အဆက်ဆက်မှာ အစိုးရအနေနဲ့ ဒီဆန္ဒထုတ်ဖော်မှုကြောင့် မဟုတ်ဘဲနဲ့လည်း နိုင်ငံရေးအရ လှုပ်ရှားတဲ့သူတွေကို ရာဇဝတ် ပုဒ်မတွေနဲ့ ဖမ်းပြီးတော့ ထောင်ချခဲ့တာတွေ ရှိတယ်။ ဒါတွေဟာလည်း နိုင်ငံရေးအကျဉ်းသားပဲ။ ပြီးခဲ့တဲ့ကာလမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြေညာချက်နဲ့ လွှတ်ပေးခဲ့တဲ့ အထဲမှာလည်း ခုနတုန်းကပြောတဲ့ ပုဒ်မတွေနဲ့ ကျတာတွေလည်း အများကြီးပါတယ်။ ပါပါလျက်နဲ့ ဒါကို မျက်ကွယ်ပြုပြီးတော့ ပြောကြားသွားတာတော့ ကျွန်တော်တို့က သဘောမတူဘူး။ နောက်တစ်ခုက ဒါဟာ ဒေါ်အာင်ဆန်းစုကြည်ရဲ့ဆန္ဒလို့လည်း မယုံကြည်ဘူး”ဟု ပြောကြားသည်။
ဦးကျော်တင့်ဆွေ၏ ပြောကြားမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ဟုတ်၊ မဟုတ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသို့ စာပေးပို့ မေးမြန်းသွားမည်ဖြစ်ကြောင်းလည်း ဦးတင်မောင်ဦးက ဆက်လက် ပြောကြားသည်။
“တောင်သူ လယ်သမားတွေကိုလည်း ပုဒ်မ ၄၄၇၊ ၄၂၇ တွေနဲ့ စွဲထားတာ ရှိတယ်။ အလုပ်သမားတွေကိုလည်း တခြားပုဒ်မတွေ နဲ့ စွဲတာတွေ ရှိတယ်။ အခု ၅၀၅ (ခ) တို့ ဘာတို့ ဆိုရင်လည်း ဒါနိုင်ငံတော်ကို အကြည်ညိုပျက်စေမှုတို့ ဘာတို့ကမှ နိုင်ငံရေးပုဒ်မ မဟုတ်ရင် ဘယ်ဟာက နိုင်ငံရေးပုဒ်မလဲဆိုတာ ကျွန်တော်တို့ကတော့ မေးခွန်းထုတ်ချင်တယ်” ဟု ဦးတင်မောင်ဦးက ပြောကြားသည်။
AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က “ကျွန်တော်တို့ သတ်မှတ်ထားတာကတော့ ရှင်းပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အစိုးရအဆက်ဆက်မှာ ဖမ်းဆီး ထိန်းသိမ်း အပြစ်ဒဏ်ချမှတ် ခံရတဲ့သူတွေအားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်။ အဲဒီမှာ ပုဒ်မတွေ ကျွန်တော်တို့ မခွဲထားဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ ၊နောက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီလိုလူတွေကို ပုဒ်မတွေအမျိုးမျိုး တပ်ပြီးတော့ တရားစွဲဆိုပြီးတော့ ထောင်ချတာတွေ အများကြီးရှိတယ်။ ဒီလိုလူတွေကလည်း နိုင်ငံရေးအကျဉ်းသား ဖြစ်တယ်။ နောက် ကျွန်တော်တို့ဆီမှာ နိုင်ငံရေးပြစ်မှုနဲ့ အဖမ်းခံရတဲ့သူတွေက အများကြီးပါ။ ပြီးတော့ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး သူပြောသွားတာ ကျွန်တော်တို့ ဖတ်လိုက်ရတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဟုတ်လား၊ မဟုတ်လားဆိုတာ ကျွန်တော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်စရာရှိတယ်” ဟု ပြောကြားသည်။
ဦးကျော်တင့်ဆွေသည် ယခင် အစိုးရအဆက်ဆက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အစိုးရအား ကာကွယ်ခဲ့သူတစ်ဦး ဖြစ်သည်။
၂၀၁၄ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော AAPP ၊ FPPS ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စသည့် အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု သတ်မှတ်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မည်သူမဆို၊ မည်သည့်အကြောင်းကြောင့် ဖြစ်စေ၊ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသား အခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများကိုလည်းကောင်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃) ရပ်နှင့် လုပ်ငန်းအဖွဲ့များ သို့မဟုတ် ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်အပေါ် မူတည် စာရင်းကောက်ယူထားမှုအရ မေလကုန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၇ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၈၉ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ သိရသည်။
ဇွန် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထိုသို့ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေဆိုမှုသည် အစိုးရသစ်၏ မူဝါဒ ဟုတ်၊ မဟုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၎င်းအချက်ကို လက်ရှိအစိုးရ၏ သဘောထားဖြေကြားချက်နှင့်အတူ ဖြေကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် က်ခံသည်ဟု ဆိုသော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ပြောကြားမှုအပေါ် နိုင်/ကျဉ်းရေးရာအဖွဲ့များ ပြင်းထန်စွာ ဝေဖန်