နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST (NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့) ခေါင်းဆောင်များ ဆွေးနွေးပွဲကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက နေပြည်တော် Horizon Lake View Hotel ၏ Tharaphi Villa တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကို သြဂုတ်လ နောက်ဆုံးထားကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် ယခုအစည်းအဝေးသည် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြသည့် အစည်းအဝေးတွင် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အခုလို တွေ့ဆုံနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါဟာ ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့ဆုံတာပါ။ အစကောင်းမှ အနှောင်းသေချာတယ် ဆိုသလို အစကောင်းဖို့က အင်မတန်မှ အရေးကြီးပါတယ်။ အစကောင်းဖို့ဆိုတာ ကျွန်မတို့အားလုံးက အောင်မြင်စေချင်တဲ့ စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာပါ။ ဒီလိုစိတ်ဓာတ်မျိုး ရှိမယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ကတော့ ရည်ရွယ်ချက်ကတော့ ရိုးရိုးသားသားပါပဲ။ ဘာမှ ကျွန်မတို့ လျှို့ဝှက်ရည်မှန်းချက်တွေ မရှိပါဘူး။ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံး ချမ်းချမ်းသာသာနေနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဘာမှ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ ရည်ရွယ်ချက် အောင်မြင်အောင်အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့ ကျွန်မအနေနဲ့ ဖိတ်ခေါ်ပါတယ်”ဟု ပြော ကြားသည်။
ဆက်လက်၍ “ပြည်ထောင်စုတစ်ခုဆိုတာ ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးက လိုလိုလားလားနဲ့ ဝိုင်းဝန်းပြီး တည်ဆောက်မှသာ ဒီလုပ်ငန်းစဉ်က အောင်မြင်မှာပါ။ ဒါကြောင့်မို့လို့ အခု အစည်းအဝေးမှာဆိုရင် ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက မိမိတို့ရဲ့ စိုးရိမ်မှုများကို တင်ပြကြမှာ နားလည်ပါတယ်။ အပြောင်းအလဲဆိုတာ စိုးရိမ်စရာ မဟုတ်ပါဘူး။ အပြောင်းအလဲကို ရင်ဆိုင်ကြဖို့အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်တတ်ကြပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ အရင်တုန်းက မတွေ့ဖူး၊ မကြုံဖူးတဲ့ကိစ္စတွေ။ အရင်တုန်းက အလေ့အကျင့်မရှိဖူးတဲ့ အရာတွေနဲ့ မျက်နှာချင်းဆိုင်ရမယ်ဆိုရင် စိုးရိမ်မှုရှိတယ်ဆိုတာ သဘာဝကျပါတယ်။ စိုးရိမ်မှုကို တိုက်ဖျက်နိုင်တဲ့ အရာကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုရှိပြီဆိုရင် ကျွန်မတို့ စိုးရိမ်မှုတွေ ကျော်လွှားနိုင်ပါတယ်။ ယုံကြည်မှုမရှိလို့ စိုးရိမ်တာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တန်ဖိုးရှိသည့် အရာများသည် လွယ်လွယ်ဖြင့် မရကြောင်း၊ မည်သည့်အခက်အခဲများ ရှိရှိ ပူးပေါင်းဆောင်ရွက်မှုအား သန္နိဋ္ဌာန် ချထားပါက ရမည်ဖြစ်ကြောင်း၊ အင်မတန် တန်ဖိုးရှိပြီး စစ်မှန်သည့် တိုင်းရင်းသားများအား လုံခြုံမှုနှင့် ချမ်းသာမှု အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီတစ်ခုအား ထူထောင်ရန် ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံကြောင်း၊ ငြိမ်းချမ်းရေးကိစ္စအား အမြန်ဆုံးပြီးစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဘာလို့ အမြန်ဆုံး ပြီးစေချင်တယ်လို့ ပြောရလည်းဆိုတော့ ကျွန်မတို့ လွတ်လပ်ရေးရတာ နှစ် ၇၀ ပြည့်တော့ပါမယ်။ နှစ် ၇၀ ဆိုတာ ရာစုနှစ်ရဲ့ လေးပုံသုံးပုံ ဖြစ်သွားပြီ။ ဒီအတောအတွင်း၊ ဒီအချိန်အတွင်းမှာမှ ကျွန်မတို့ဟာ ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင်မာမာ မထူထောင်နိုင်ရင် ဘယ်လောက်ကြာဦးမှာလဲ စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ နောက်မျိုးဆက်တွေအတွက် ထားပစ်ခဲ့ရမယ့် အကောင်းဆုံး အမွေအနှစ်ဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်းမှ တိုးတက်နိုင်မှာပါ။ မငြိမ်းချမ်းတဲ့နိုင်ငံ တိုးတက်တယ်ဆိုတာ ဘယ်တုန်းကမှ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ငြိမ်းချမ်းမှ ညီညွတ်မှ တိုးတက်နိုင်မှာပါ။ ကျွန်မတို့က ညီညွတ်ရေးကို ရှာဖွေရမယ်။ ညီညွတ်ရေးမှာ အခြေခံတဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရမယ်။ ဒီလိုငြိမ်းချမ်းရေးက တစ်ဆင့် ကျွန်မတို့လိုချင်တဲ့ ချမ်းသာကြွယ်ဝပြီးတော့ တည်ငြိမ်တဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်မှာပါ”ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “လုပ်ငန်းတစ်ခု အောင်မြင်ဖို့ အဖွဲ့အစည်းတစ်ခု အောင်မြင်ဖို့ဆိုတာ အခြေခံစိတ်ဓာတ်ဟာ တာဝန်သိတဲ့ စိတ်ဓာတ်ပါ။ ဒီ တာဝန်သိတဲ့ စိတ်ဓာတ်မရှိဘဲနဲ့ ဘာရနိုင်လဲ။ ကိုယ့်အကျိုး စီးပွားအတွက်ပဲ စဉ်းစားမယ်ဆိုရင် ဘယ်လုပ်ငန်းမှ ရေရှည်မှာ မအောင်မြင်ပါဘူး။ ဘယ်အဖွဲ့အစည်းမှ ရေရှည် တည်တံ့ခိုင်မြဲမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီကိုလာရင် ပေးဖို့လာတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စုစည်းကြရမှာပါ။ ဒီ ပြည်ထောင်စုကြီးဖြစ်ပေါ်ဖို့အတွက် ကျွန်တော်တို့ ကျွန်မတို့ဟာ ဘာပေးနိုင်မလဲဆိုတဲ့ စေတနာအပြည့်အဝနဲ့ အကုန်စုစည်းပြီးတော့ ဒီအစည်းအဝေးကို အောင်အောင်မြင်မြင် လုပ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော စိုင်းဘောင်ခေး၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ ဦးသံခဲနှင့် စောမိုရှေးတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏ မူဝါဒများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဝင်များက NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းနေမှု အခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကျင်းပနိုင်ရေး အကြိုဆောင်ရွက်နေမှု အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ပါ အကောင်အထည်ဖော်ရမည့် အချက်များ နှင့် ချိတ်ဆက် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
“လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြန်သုံးသပ်နေတယ်။ အဲဒီသုံးသပ်မှု မပြီးခင်မှာ ဟိုဘက်က မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ လက်ရှိ ဆွေးနွေးနေတဲ့ဟာတွေကို ဒေါက်တာတင်မျိုးဝင်းဘက်ကနေ ရှင်းပြတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်ဖို့။ ပြီးရင် ဒီနှစ်ခုကို ပေါင်းပြီးတော့ ၂၁ ရာစုပင်လုံညီလာခံကျင်းပဖို့ ဒီနေ့အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာကတော့ သြဂုတ်လ နောက်ဆုံးပတ်ပေါ့။ အဲဒီထက် နောက်မကျစေဘဲ သြဂုတ်လ နောက်ဆုံးထားပြီးကျင်းပဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်”ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ သြဂုတ်လ နောက်ဆုံးထားကျင်းပမည်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်