PSG အသင်းနှင့် နည်းပြ လောရင့်ဘလန့်တို့ နှစ်ဦးသဘောတူ လမ်းခွဲ

PSG အသင်းနှင့် နည်းပြ လောရင့်ဘလန့်တို့ နှစ်ဦးသဘောတူ လမ်းခွဲ
Published 27 June 2016

PSG အသင်းနှင့် နည်းပြ လောရင့်ဘလန့်တို့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ကြောင်း PSG အသင်းဝက်ဘ်ဆိုက်မှ ထုတ်ပြန်ခဲ့သည်။

 

လောရင့်ဘလန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကမှ PSG အသင်းနှင့် (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းအား (၃)နှစ်ဆက် ပြင်သစ်လီဂူး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရခြင်းကြောင့် လမ်းခွဲခဲ့ရကြောင်း ဥရောပမီဒီယာများက သုံးသပ်သည်။

 

PSG အသင်းသည် လောရင့်ဘလန့် လက်ထက်၌ (၃)နှစ်ဆက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်။ ဥရောပတွင် အောင်မြင်မှု ရယူလိုသည့် PSG အသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် အသင်းကို အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိကြောင်း ယခုလဆန်းပိုင်းက အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

 

လောရင့်ဘလန့်၏ နေရာကို ဆီဗီလာအသင်းနည်းပြဟောင်း အူနိုင်းအမ်မရီနှင့် PSG အသင်း အစားထိုးဖွယ်ရှိကြောင်း သိရသည်။ အူနိုင်းအမ်မရီသည် ဆီဗီလာအသင်းကို (၃)နှစ်ဆက် ယူရိုပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး ပြီးခဲ့သည့် ဇွန်(၁၂)ရက်က ဆီဗီလာအသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကာ အသင်းလက်မဲ့ဖြစ်နေသည်။