မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝမှာ (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့

မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝမှာ (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့
Published 27 June 2016

အသက်(၂၉)နှစ်အရွယ်တွင် နိုင်ငံတကာ ဘောလုံးသမားဘဝမှ အနားယူလိုက်သည့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝမှာ (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း Eurosport သတင်းဌာနမှ ဖော်ပြခဲ့သည်။

 

မက်ဆီသည် ၂၀၀၅ သြဂုတ်(၁၇)ရက်တွင် အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး နိုင်ငံတကာ ဘောလုံးသမားဘဝမှ အနားယူချိန်မှာ ဥရောပ စံတော်ချိန်ဖြင့် တွက်ချက်ပါက ၂၀၁၆ ဇွန်(၂၇)ရက် နံနက်ပိုင်းတွင်ဖြစ်ခဲ့သည်။

 

သို့ဖြစ်ရာ အာဂျင်တီးနား အသင်းအတွင် နံပါတ်(၁၀) ဝတ်ဆင်လေ့ရှိသည့် မက်ဆီ၏ လက်ရွေးစင် ကစားသမားဘဝမှာ တိုက်တိုက်ဆိုင်ဆိုင် (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း Eurosport သတင်းဌာနက ဖော်ပြခဲ့သည်။

 

မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝတွင် နိုင်ငံတကာပြိုင်ပွဲကြီး ဗိုလ်လုပွဲအဆင့်သို့ (၄)ကြိမ် တက်ရောက်ခဲ့ဖူးသည်။ မက်ဆီ တက်ရောက်ဖူးသည့် ဗိုလ်လုပွဲများမှာ ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲများဖြစ်ပြီး ယင်း(၄)ကြိမ်စလုံးကို ရှုံးနိမ့်ခဲ့သည်။

 

မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘဝတွင် (၁၁၃)ပွဲ ကစားကာ (၅၅)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။