စားသောက်ဆိုင်ဝန်ထမ်း မောင်းနှင်လာသော ကန်တာယာဉ်ဖြင့် တိုက်မိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်ကြပ်ကြီးနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ

စားသောက်ဆိုင်ဝန်ထမ်း မောင်းနှင်လာသော ကန်တာယာဉ်ဖြင့် တိုက်မိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်ကြပ်ကြီးနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ
Published 26 June 2016
ကျော်မျိုး

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း ပါဝါနိုင်း ဓာတ်ဆီဆိုင် အနီးတွင် စားသောက်ဆိုင်ဝန်ထမ်း တစ်ဦး မောင်းနှင်လာသော ကန်တာယာဉ်ဖြင့် တိုက်မိရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်ကြပ်ကြီး နှစ်ဦး သေဆုံးပြီး အခြား ဆိုင်ကယ်မောင်းနှင်သူ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နေပြည်တော် အမှတ်(၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ထရူပါ စားသောက်ဆိုင်ဝန်ထမ်း အောင်ပြည့်ဖြိုး (ခ) နွားကြီးက နှင်းဆီပန်း အဝိုင်းဘက်မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ကန်တာယာဉ်အား မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ဥပဒေချုပ်ရုံးမှ တပ်ကြပ်ကြီး တင်ထွန်း မောင်းနှင်လာပြီး တပ်ကြပ်ကြီး ရဲမင်းထွေး (ဌာနတူ) လိုက်ပါလာသော ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ကြောင်း၊ ဆက်လက်ပြီး မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်အား ထပ်မံ တိုက်မိခဲ့သဖြင့် ပျဉ်းမနားမြို့နေသူ နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်မှုစစ်ဌာန၏ ကနဦး သတင်းများအရ သိရသည်။နေပြည်တော် အမှတ် (၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အရာရှိ တစ်ဦးက “နှစ်ဦးက နေရာမှာပဲ ဆုံးတယ်။ အခြား နှစ်ဦးက ဒဏ်ရာ ရတယ်။ ကားမောင်းတဲ့ သူက ထွက်ပြေးသွားတယ်။ အခု လိုက်လံ ဖမ်းဆီးနေပါတယ်” ဟု ပြောကြားသည်။အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး တရားခံဖမ်းမိရေး ဆောင်ရွက်နေပြီး အမှုဖွင့်နိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent