အမှုတစ်ခု ရှိလာပါက မှန်မှန်ကန်ကန် ပေါ်စေချင်ကြောင်းနှင့် အမှုမှန် မပေါ်ခြင်းမျိုး မဖြစ်သင့်ကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား

အမှုတစ်ခု ရှိလာပါက မှန်မှန်ကန်ကန် ပေါ်စေချင်ကြောင်းနှင့် အမှုမှန် မပေါ်ခြင်းမျိုး မဖြစ်သင့်ကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြား
Published 24 June 2016
မျိုးမင်းထက်၊ ဝီရမိုးနေ

အမှုတစ်ခု ရှိလာပါက မှန်မှန်ကန်ကန် ပေါ်စေချင်ကြောင်းနှင့် အမှုမှန်မပေါ်ခြင်းမျိုး မဖြစ်သင့်ကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ကျောက်မြောင်းကျောင်းတိုက် ဆင်ဟန်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည့် တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ပြည်သူ့ရဲတွေ အနေနဲ့ ပြည်သူတွေ အားကိုးတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိစ္စ၊ ဒုစရိုက် နှိမ်နင်းရေးကိစ္စ၊ မှုခင်းကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ အဲဒီဟာတွေတော့ သန့်သန့်ရှင်းရှင်း ဖြစ်စေလိုပါတယ်။ ကျွန်တော်တို့ တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ အမှုတစ်ခု ရှိလာလို့ ရှိရင်လည်း မှန်မှန်ကန်ကန် ပေါ်စေချင်တယ်။ အမှုရှိလာပြီးတော့ မပေါ်ဘူးဆိုတာတော့ မဖြစ်သင့်ဘူး" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ဆက်လက်ပြီး ဦးဝင်းမြင့်က "ဥပမာ ကျွန်တော် စာစောင် တစ်စောင်မှာ ဖတ်ရပါတယ်။ ဂျာနယ်တစ်ခုမှာ ဒီနားက အဘွားကြီး နှစ်ယောက် အသတ်ခံရပါတယ်။ ကျွန်တော် သိသလောက်ကတော့ အခုထိ မပေါ်သေးဘူး ဖြစ်နေပါတယ်။ ဒါမျိုးလေးတွေလည်း မဖြစ်စေချင်ပါဘူး။ အမှုမှန် ပေါ်စေချင်ပါတယ်။ အမှုမှန်ပေါ်မှ ပြည်သူဟာ ဥပဒေရဲ့ အကာအကွယ်ကိုပဲ ယူရမယ်။ ဥပဒေရဲ့ အကာအကွယ်ကိုမှ ပြည်သူက မရလို့ရှိရင် လူကိုအားကိုးမယ်။ လူကိုအားကိုးရင် ဥပဒေ မစိုးမိုးတော့ဘူး လူစိုးမိုးမယ်။ လူစိုးမိုးရင် အဲဒီမှာ အဂတိတွေ ပွားလာမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဥပဒေရဲ့ အကာအကွယ်ကို လိုချင်ပါတယ်။ ဥပဒေပဲ စိုးမိုးစေချင်ပါတယ်။ လူစိုးမိုး မစေလိုပါဘူး။ အဲဒါလေးလည်း ကျွန်တော်တို့ ဖြစ်စေချင်ပါတယ်" ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က စည်ပင်အနေဖြင့် မြောင်းများ၊ လမ်းကြားများ၊ အမှိုက်များအား ရှင်းပေးရန်နှင့် အမှိုက်ပုံးများကို စနစ်တကျ စည်းနှင့်ကမ်းနှင့် ထားပေးရန် ပြောကြားသည်။
ထို့အတူ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အနေဖြင့် အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင်များနှင့် ပတ်သက်၍ ကြိုးစားဆောင်ရွက် ပေးစေချင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
"နောက် ကျွန်တော်တို့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားရုံးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ မြို့နယ်တွေမှာ ပြောမယ်ဆိုလို့ရှိရင် တာမွေမြို့နယ်ရဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောပါမယ်။ ကျွန်တော်တို့ မြို့နယ်ထဲမှာ တရားစီရင်ရေးဟာ ဥပဒေရဲ့ရှေ့မှာ အားလုံး အညီအမျှ ဖြစ်စေချင်ပါတယ်။ ဥပဒေရဲ့ရှေ့မှာ အားလုံးအညီအမျှ ဖြစ်ရမယ်။ မျက်နှာကြီးငယ် မလိုက်စေချင်ဘူး။ ရာထူးဂုဏ်ရှိန် မလိုက်စေချင်ဘူး။ ပြီးရင် ရာထူးဥစ္စာဓနကိုလည်း မလိုက်စေချင်ဘူး။ အသားအရောင် အပေါ်မှာလည်း မလိုက်စေချင်ဘူး။ အမျိုးအစား အပေါ်မှာလည်း မခွဲခြားစေချင်ဘူး။ ဥပဒေရဲ့ရှေ့မှာ အားလုံး အညီအမျှ ဥပဒေစိုးမိုး စေချင်တယ်" ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့က လွှတ်တော် အတွေ့အကြုံများကို လူထုအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပြည်သူလူထုအချို့က မြို့နယ်တွင် ဖြစ်ပေါ်နေသည့် စည်ပင်နှင့် ပတ်သက်သည့်  အကြောင်းအရာများ၊ ဧည့်စာရင်းနှင့် ပတ်သက်သည့်ကိစ္စများ၊ လျှပ်စစ်နှင့် ပတ်သက်သည့်ကိစ္စ၊ ပညာရေးကိစ္စ စသည်တို့ကို တင်ပြမေးမြန်း ခဲ့ကြသည်။
ထိုသို့ တင်ပြမေးမြန်းမှုများအား မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားသည်။   
 

Most Read

Most Recent