နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေတ္တာရပ်ခံထားမှုအတွက် အကြောင်းပြန်ကြားမှုအား စောင့်ဆိုင်းနေကြောင်း နိုင်/ကျဉ်းရေးရာအဖွဲ့အစည်းများက ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ဦးအောင်မျိုးကျော်က “နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖွင့်သင့်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံထားပါတယ်။ ဘာမှတော့ အကြောင်းပြန်တာ မရှိသေးပါဘူး။ အဲဒါလေးကိုလည်း ကျွန်တော်တို့ လုပ်ပေးစေချင်တယ်။ စောင့်နေတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆက်လက်ပြီးတော့ ဖွင့်ဆိုနိုင်အောင် တိုင်ပင်လုပ်ဆောင်သွားဖို့၊ အကြံပြုဖို့ ဆက်လုပ်သွားမှာပါ”ဟု ပြောကြားသည်။
ဇွန် ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထိုသို့ ဝေါဟာရအဓိပ္ပာယ်ဖွင့်ရန် အစီအစဉ်မရှိကြောင်း ဖြေဆိုခဲ့သည်။
ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေဆိုမှုသည် အစိုးရသစ်၏ မူဝါဒ ဟုတ်၊ မဟုတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၎င်းအချက်ကို လက်ရှိအစိုးရ၏ သဘောထားဖြေကြားချက်နှင့်အတူ ဖြေကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံချက် တစ်စောင် ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီ ၇ ရက်၊ ၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေညာချက် အပိုဒ် (၁) တွင် အတိအလင်း ပြောဆိုထားသည်မှာ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်”ဟု ဆိုထားကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါကဲ့သို့ ဆိုထားသော်လည်း ယနေ့အထိ နိုင်ငံတော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုသည်မှာ မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာရေးနှင့် နိုင်ငံရေးအကျဉ်းသားများ ရှိခဲ့သည်၊ ရှိနေသည်ကို အသိအမှတ်ပြု၍ အမြန်ဆုံးလွှတ်ပေးရေးသည် ပြည်သူ့အစိုးရအနေဖြင့် မလွဲမသွေ အမြန်ဆုံး လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်ဟု မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ကြေညာချက်မှာ ကျွန်တော်တို့ တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိပါတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီအတွက်ကတော့ အချက်အလက်တွေ လိုတယ်ဆို ပူးပေါင်းပါဝင်ဖို့ ရှိပါတယ်။ လောလောဆယ် အဲဒီအပိုင်းကတော့ အစိုးရဘက်ကတော့ ဘာမှမကြားသေးဘူးပေါ့”ဟု FPPS မှ ဦးထွန်းကြည်က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “အဲဒါကို အခုထက်ထိတော့ မဖြေသေးဘူး။ မဖြေသေးဘူးဆိုတော့ အချိန်အတိုင်းအတာ တစ်ခုထိတော့ စောင့်ကြည့်မှာပေါ့။ မဖြေသေးရင်တော့ ဒီကိစ္စကို ဝန်ကြီးရဲ့သဘောထားကို လွှတ်တော်မှာလည်း ကတိဖြစ်တယ်ဆိုပြီးတော့ လွှတ်တော်ကတိ၊ ကဝတ်ကော်မတီကလည်း မှတ်ချက်ပြုထားပြီးပြီလေ။ သူ့အနေနဲ့ ကတိအတိုင်း ပြန်ဖြေပါလိမ့်မယ်။ မဖြေရင်တော့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ပြီးတော့ ပြန်ပြီးတော့ မေးခွန်းဖြစ်စေ၊ ကတိကဝတ်မှာ ဆွေးနွေးပြီးတော့ ဖြစ်စေ တစ်ခုခုတော့ တုံ့ပြန်ရမှာပေါ့။ အဖြေကတော့ စာနဲ့ ပို့မလား။ လွှတ်တော်မှာ တင်ပြီးတော့ဖြေမလား မပြောတတ်ဘူး။ ဒါပေမဲ့ နိုင်ကျဉ်းအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီကို သူတို့ ဒီကိစ္စ နဲ့လုပ်ပေးဖို့ တင်ပြထားတာ ရှိတော့လေ။ အဲဒီကများ အဖြေတစ်ခု ရမလားမသိဘူး။ နိုင်/ကျဉ်းဘက်ကလည်း ကြိုးစားနေကြပါတယ်”ဟု ဦးဖေသန်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော AAPP၊ FPPS၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စသည့် အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခု သတ်မှတ်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်အသိအမှတ်ပြုနိုင်ရေးနှင့် ပတ်သက်ပြီး FPPS၊ AAPP တို့မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၁၅ ခုနှစ်အတွင်းက နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက် ပေါ်ပေါက်လာရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေတ္တာရပ်ခံထားမှုအပေါ် အကြောင်းပြန်ကြားမှုအား စောင့်ဆိုင်းနေဟုဆို















