(၁၃) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် ဇွန် ၂၁ ရက်တွင် စတင်ကျင်းပခဲ့ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လက်ရှိအခြေအနေများအား သုံးသပ်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း ဖိုရမ်ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီဝင် ဦးမရန်ဂျော်ဂွန်းက ပြောကြားသည်။
အဆိုပါ ဖိုရမ်သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် ကော်မတီဝင်များအား ဖိတ်ကြားခဲ့ရာ ဖိုရမ်ပထမနေ့တွင် ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက် လုပ်ဆောင်နေသော လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဦးမရန်ဂျော်ဂွန်းက “ဒီနေ့ကတော့ ဒေါက်တာတင်မျိုးဝင်းတော့ မလာဘူး။ ဦးလှမောင်ရွှေလာတယ်။ ဒေါက်တာ မင်းဇော်ဦး လာတယ်။ ဖိုရမ်အစီအစဉ်မှာ ပါတဲ့အတိုင်း ခေါင်းစဉ်တွေကို ရှင်းပြတယ်။ ဒေါက်တာ တင်မျိုးဝင်းကတော့ အမှာစကား ပို့ပေးတယ်၊ ဒီမှာဖတ်ဖို့အတွက်ပေါ့။ မနက်ဖြန်ကျရင်တော့ ကျွန်တော်တို့ ဖိုရမ်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ရှင်းပြမှာပါ” ဟု ပြောကြားသည်။
ဖိုရမ် ဒုတိယနေ့ကို ဇွန် ၂၂ ရက်တွင် ဆက်လက် ပြုလုပ်မည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် လက်ရှိငြိမ်းချမ်းရေး အခြေအနေများအား ရှင်းပြခြင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အခန်းကဏ္ဍအား ရှင်းပြခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်အား ထိရောက်စွာ အထောက်အကူပြုနိုင်ရန် လူထုအခြေပြု အဖွဲ့အစည်းများ ဦးဆောင်သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ယခုနှစ် ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လတွင် ကျင်းပနိုင်ရေး ဆောင်ရွက်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံနှင့် အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်များကို တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဟု လမ်းညွှန်ထားကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးသည့်ကဏ္ဍများကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် တဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်သည့် ကိစ္စများကို အရပ်ဘက်လူမှုအဖွဲ့အစည်း ဖိုရမ်တွင် ဆွေးနွေးရန် စဉ်းစားထားကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ၊ ဆပ်ကော်မတီ (၂) ကိုယ်စားလှယ်များထံမှ သိရသည်။
(၁၃) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် ပထမနေ့တွင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများ ဆွေးနွေး















