ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ကန့်ကွက်လွှာ တင်ထားသည့်အမှုတွင် ရွေးကောက် တင်မြှောက်ခံရခြင်း ပျက်ပြယ်ခြင်း မရှိကြောင်း ကော်မရှင်ဆုံးဖြတ်

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အား ကန့်ကွက်လွှာ တင်ထားသည့်အမှုတွင် ရွေးကောက် တင်မြှောက်ခံရခြင်း ပျက်ပြယ်ခြင်း မရှိကြောင်း ကော်မရှင်ဆုံးဖြတ်
Published 20 June 2016

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်အား ကန့်ကွက်လွှာ တင်ထားသည့်အမှုတွင် လျှောက်ထားခံရသူ ဦးဝင်းနိုင်သည် ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်း မရှိကြောင်း ကော်မရှင်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။
 
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အား ဦးမောင်မောင်ဖြူ (ရခိုင်အမျိုးသားပါတီ) က ကန့်ကွက်လွှာ တင်ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့(၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဦးဆောင်သည့် ခုံအဖွဲ့က စစ်ဆေးခဲ့ပြီး ဇွန် ၁၃ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
 
ရွေးကောက်ပွဲ ခုံအဖွဲ့က လျှောက်ထားခံရသူ ဦးဝင်းနိုင်သည်သာ ခိုင်လုံမဲ အများဆုံးဖြင့်  ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၌ ရွေးကောက် တင်မြှောက်ခံရခြင်းသည် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်  ရက်စွဲပါ ကြေညာချက်အမှတ် ၄၂/၂၀၁၅ အရ အတည်ဖြစ်ကြောင်း  ဆုံးဖြတ်ခဲ့ပြီး လျှောက်ထားသူ တောင်းဆိုသည့် သက်သာခွင့် ရထိုက်မှုမရှိကြောင်း၊  ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်က လျှောက်ထားသူ၏ ကန့်ကွက်လျှောက်ထားမှုကို တရားစရိတ်နှင့်တကွ ပယ်သည့်အမိန့်ကို ချမှတ်ခဲ့ပြီး တရားစရိတ် ကျပ်နှစ်သိန်းကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
 
“ကျွန်တော့်ကို အချက် ရှစ်ချက်နဲ့ ကန့်ကွက်ခဲ့တာပါ။ လေးချက်ကတော့ ကော်မရှင်နဲ့ ဆိုင်တယ်။ ကျန်တဲ့ အချက်တွေက မရေရာဘူးပေါ့။ ကျွန်တော်လည်း ရှေ့နေရှေ့ရပ်တွေ ငှားစရာမလိုတဲ့ အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ ချေပ ဆောင်ရွက်ခဲ့ပါတယ်။ ဆုံးဖြတ်တာကတော့ ကော်မရှင်က ဆုံးဖြတ်တာလေ။
ကျွန်တော်က နိုင်ထားတဲ့သူဆိုတော့ တခြားတော့ ပြောစရာမရှိပါဘူး”ဟု သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောကြားသည်။
 
ရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာတင်သွင်းမှု ၄၅ မှုအနက်၊ တစ်မှု ပြန်လည် ရုပ်သိမ်းခဲ့ပြီးနောက် ၄၄ မှုအား ယခင်ကော်မရှင်ဟောင်း ရှိစဉ်ကပင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က)(၂) အရ ရွေးကောက်ပွဲခုံအဖွဲ့ လေးဖွဲ့ ဖွဲ့စည်း၍ တရားခွင် လေးခုဖြင့် ဧပြီ ၂၅ ရက်မှစ၍ စစ်ဆေးရန် ကျန်ရှိသည့် ကန့်ကွက်လွှာအမှုများကို ရုံးထိုင်စစ်ဆေးနေခြင်း ဖြစ်သည်။ 
 
ကန့်ကွက်လွှာ တင်သွင်းမှုများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် များပြားပြီး နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ  တင်သွင်းခြင်းများရှိကြောင်း သိရသည်။ 
 
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခဲ့မှုများတွင် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ (NLD) ပါတီက အများဆုံး ကန့်ကွက်ခံရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယအများဆုံး ကန့်ကွက်ခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent