ပန်းရံ အတူလုပ်သည့် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယား ပြုကျင့်ရန် ကြံစည်သူအား အမှုဖွင့် အရေးယူထား

ပန်းရံ အတူလုပ်သည့် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယား ပြုကျင့်ရန် ကြံစည်သူအား အမှုဖွင့် အရေးယူထား
Published 18 June 2016
ဇေယျာထွန်း

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ပန်းရံ အလုပ်တူလုပ်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား သားမယား ပြုကျင့်ရန် ကြံစည်သူအား အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ဒက္ခိဏသီရိ ခရိုင်၌ အသစ် တည်ဆောက်နေသည့် အဆောက်အအုံတွင် ပန်းရံ အတူလုပ်သည့် ၁၄ နှစ်အရွယ် မိန်းကလေးအား ၁၉ နှစ်အရွယ် ချစ်စမ်းမောင် ဆိုသူက သားမယား ပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ဖြစ်စဉ်မှာ ဇွန် ၁၇ ရက်က ဒက္ခိခရိုင် တရားရုံး ဆောက်လုပ်ရေး လုပ်ငန်းတွင် မ.... (၁၄ နှစ်) ၏ မိခင်မှာ လုပ်ငန်းပြီးဆုံး၍ ပြန်ကြမည်ဟု ပြောဆိုခဲ့သော်လည်း သမီးဖြစ်သူမှာ လုပ်လက်စ အလုပ်များ ကျန်ရှိနေသဖြင့် ဆက်လက် လုပ်ကိုင်နေရာမှ ၎င်းနှင့် အတူ ကျန်ရှိသည့် ချစ်စမ်းမောင် ဆိုသူက သားမယားပြုရန် လုံးထွေးစဉ် ၎င်းမိန်းကလေးမှာ သတိမေ့သွားခဲ့ကြောင်း သိရသည်။အဆိုပါ မိန်းကလေးမှာ အိမ်သို့ ပြန်လာ နောက်ကျနေသဖြင့် ၎င်း၏ ဦးလေးဖြစ်သူ နှစ်ဦးက ရှာဖွေရာ သစ်သားဖြင့် အလုံပိတ် ကာရံထားသည့် အခန်းအတွင်း၌ သတိမေ့နေသဖြင့် နေအိမ်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။သူမအား မေးမြန်းရာ ၎င်းကို ချစ်စမ်းမောင် ဆိုသူက လက်အား ဆွဲကိုင်ပြီး မဖွယ်မရာ ပြုလုပ်သဖြင့် ကြောက်လန့် သတိမေ့သွားခဲ့ပြီးနောက် ဘာတစ်ခုမှ သိခြင်း မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ချစ်စမ်းမောင်ဆိုသူအား ပုဗ္ဗသီရိမြို့နယ် ပတ္တာရဲစခန်းတွင် (ပ) ၆၁/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။