ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇွန် ၁၇ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ခေါ်ဝေါ် သုံးစွဲမှုနှင့် ပတ်သက်ပြီး “ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအဝန်းဟု” သုံးနှုန်းပြောဆိုရန် မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြခဲ့သည်။မြန်မာနိုင်ငံတွင် ဘင်္ဂါလီများအပေါ် ညှင်းပန်းနှိပ်စက်မှုများ အဓိက ဖြစ်ပေါ်စေခြင်းမှာ ဘာသာရေး အခြေခံ ဝါဒီကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Maina Kiai က လူ့အခွင့်အရေး ညီလာခံတွင် ပြောဆိုခဲ့ခြင်း အပေါ် မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း VOA သတင်းတွင် ဖော်ပြခဲ့သည်။“လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှု ရဖို့အတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းလို့ သုံးနှုန်း ပြောဆိုဖို့ မြန်မာ အစိုးရ အနေနဲ့ အားလုံးကို အကြံပြု တင်ပြချင်ပါတယ်” ဟု မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။ဇွန် ၁၃ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီ ညီလာခံ၌ နိုင်ငံတကာတွင် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Maina Kiai ၏ အစီရင်ခံစာ အပေါ် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများက တုန့်ပြန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာတွင် ဘာသာ အယူအဆ တင်းကျပ်သည့် အခြေခံ ဝါဒီများကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Kiai က ပြောဆိုခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြခဲ့သည်။“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှု အများအပြားကို အဓိက ဖြစ်ပေါ်စေတာဟာ ဗုဒ္ဓဘာသာ အခြေခံ ဝါဒီကြောင့် ဖြစ်ပါတယ်” ဟု Mr.Kiai က ပြောကြားခဲ့ကြောင်း သိရသည်။ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေဖြင့် မမှန်ကန်သော အမည်တွေ ပေးပြီး သုံးနှုန်း ပြောဆိုသွားခြင်းကို မြန်မာ အစိုးရက ထောက်ခံမည် မဟုတ်ကြောင်းနှင့် ထိုကဲ့သို့ မှန်ကန်မှု မရှိသည့် အမည်များ သုံးခြင်းအားဖြင့် အခြေအနေများကို ပိုပြီး ဆိုးရွားစေကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန် ပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက မြန်မာနိုင်ငံတွင် Buddhist Fundamentalist ဟု ခေါ်သည့် ဗုဒ္ဓဘာသာ အခြေခံ ဝါဒီမျိုး မရှိကြောင်းလည်း ငြင်းဆို ပြောကြားခဲ့သည်။“မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အခြေခံဝါဒီ ဆိုတာလို့ မရှိပါဘူး။ စေတနာ၊ မေတ္တာနဲ့ သည်းခံဖို့ စတာတွေကိုပဲ ဗုဒ္ဓက အဓိက ပြောကြားခဲ့တာပါ။ ဒေါသ၊ အမုန်းနဲ့ သည်းခံတဲ့ တရားမရှိတာမျိုးကို ဗုဒ္ဓက သင်ကြားမပေးခဲ့ပါဘူး။ ကျမတို့ မြေပေါ်မှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ ဘယ်အခြေခံ ဝါဒီမဆို ကျွန်မတို့ အသိုင်းအဝိုင်း အများစုက လက်မခံကြပါဘူး” ဟု ဒေါ်သက်သင်ဇာထွန်း က ပြောကြားခဲ့ကြောင်း သိရသည်။နေပြည်တော်တွင် မေ ၂၂ ရက်က ပြုလုပ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူမှု အသိုင်းအဝိုင်း နှစ်ခုအကြား တင်းမာမှုများ ဆက်ရှိနေပြီး အဆိုပါ အရေးကို ဖြေရှင်းရာတွင် အမည်နာမ အငြင်းပွားမှုထက် အရေးကြီးသည့် အရာများ ရှိသေးကြောင်း ပြောကြားခဲ့သည်။“ကျွန်မတို့ ဖြစ်ချင်တာတော့ မီးလောင်ရာ လေပင့်တာမျိုးကို ရှောင်ရှားဖို့ပါ။ အသုံးအနှုန်း တစ်ခုတည်းကို ပြောနေတာ မဟုတ်ပါဘူး။ ရခိုင်အပြင် အခြားဒေသတွေမှာ ရှိတဲ့ ကျွန်မတို့ ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အသုံးအနှုန်း အကုန်လုံးကို ပြောနေတာပါ။ စိတ်ခံစားမှုပါတဲ့ စကားလုံးတွေကို မသုံးဖို့ အခိုင်အမာ ရပ်တည်ပြီး ဘာလို့ ပြောနေရသလဲ ဆိုတော့ စိတ်ခံစားမှု ပါတဲ့ စကားလုံးတွေကြောင့် ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းတဲ့ လက်ခံနိုင်တဲ့ ဖြေရှင်းချက်ရဖို့ ခက်ခဲ သွားစေလို့ပါပဲ။ ရခိုင် ဗုဒ္ဓဘာသာဝင်တွေက ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို လက်မခံနိုင်သလို၊ မွတ်ဆလင် အသိုင်းအဝိုင်းကလည်း ‘ဘင်္ဂါလီ’ ဆိုတဲ့ စကားလုံးကို လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်နဲ့ တစ်ဖက် လက်မခံနိုင်တဲ့ နိုင်ငံရေးအရရော၊ စိတ်ခံစားမှုအရရော ရှုပ်ထွေးမှုတွေ ပါဝင်နေလို့ပါပဲ” ဟု ပြန်လည် ဖြေဆိုခဲ့သည်။ထို့ပြင် တစ်ဖက်မှ အဆိုပါ အသုံးအနှုန်း တစ်ခုခု ဆက်လက် သုံးစွဲရန် အခိုင်အမာ ရပ်တည် ပြောကြားနေပါက ပိုမို ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အမည်နာမ အငြင်းပွားမှုထက် အရေးကြီးသည့် အရာများ ရှိကြောင်း၊ လက်တွေ့ကျသည့် ဖြေရှင်းနည်း ရှာဖွေရန် လိုအပ်ကြောင်းနှင့် ထိုကဲ့သို့ ဖြေရှင်းနည်း ရှာဖွေရာတွင် ကူညီပေးနေသည့် မိတ်ဆွေများ အနေဖြင့်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည့် စကားလုံး အသုံးအနှုန်းများကို ရှောင်ရှားစေလိုကြောင်းလည် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ၌ ရိုဟင်ဂျာ သုံးစွဲမှုကို မြန်မာအစိုးရ လက်မခံဘဲ ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဟု သုံးနှုန်းရန် ပြောကြား















