ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပင်မစီမံကိန်းအရ အလားအလာကောင်းသည့် ကျောက်မျက်နှင့် လယ်ယာထွက်ကုန် အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်

ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပင်မစီမံကိန်းအရ အလားအလာကောင်းသည့် ကျောက်မျက်နှင့် လယ်ယာထွက်ကုန် အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်
နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကျောက်စိမ်းကျောက်မျက် ပြပွဲတွင် လာရောက်ကြည့်ရှုသည့် ကုန်သည်များကို တွေ့ရစဉ်
နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကျောက်စိမ်းကျောက်မျက် ပြပွဲတွင် လာရောက်ကြည့်ရှုသည့် ကုန်သည်များကို တွေ့ရစဉ်
Published 17 June 2016
နီလာ

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANTRADE) ၏ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပင်မစီမံကိန်းတွင် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ၌ အလားအလာရှိသည့် ကျောက်မျက်ကဏ္ဍမှ ပို့ကုန်မြှင့်တင်ရေးနှင့် လယ်ယာထွက်ကုန်များကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။“MYANTRADE ဖြစ်လာတဲ့အချိန်မှာ ထပ်မံရေးဆွဲတဲ့ Master Plan ကတော့ မြန်မာနိုင်ငံအတွက် အလားအလာကောင်းတဲ့ ကျောက်မျက်ရတနာ လုပ်ငန်းက ပို့ကုန်မြှင့်တင်ရေးနဲ့ လယ်ယာထွက်ကုန်ကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ တိုးမြှင့်ရေး ဖြစ်ပါတယ်” ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။မြန်မာနိုင်ငံမှ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရေးဆွဲထားသည့် အမျိုးသား ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေးကဏ္ဍများကို အလားအလာရှိသော ကုန်သွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်၊ တွေ့ဆုံဆွေးနွေးပွဲများမှ ရွေးချယ်မှုတို့ဖြင့် အဆိုပါကဏ္ဍများ၏ ပို့ကုန်တိုးတက်ရေး စွမ်းဆောင်နိုင်မှု၊ လူမှုစီးပွား တိုးတက်စေမှုကို ဖြစ်စေမှုနှင့် အလုပ်အကိုင်ရရှိနိုင်မှုတို့အပေါ် အခြေခံပြီး ရွေးချယ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဦးစားပေးကဏ္ဍများမှာ ဆန်၊ ပဲမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ပစ္စည်း၊ အဝတ်အထည်နှင့် အထည်အလိပ်၊ သစ်နှင့်သစ်တောထွက်ပစ္စည်း၊ ရော်ဘာ၊ ခရီးသွားလုပ်ငန်းတို့ဖြစ်ကာ အဆိုပါအမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် ငါးနှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်သည်။အမျိုးသားပို့ကုန် မဟာဗျူဟာကို အခြေခံပြီး ပို့ကုန်မဟာဗျူဟာတွင် မပါဝင်သေးသည့် ကဏ္ဍများကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပင်မစီမံကိန်းတွင် ထည့်သွင်းရေးဆွဲကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။“ပို့ကုန်တက်ဖို့ဆိုတာကတော့ အခြေခံ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါတွေ ပြည့်စုံမှ တိုးတက်မှာ။ အခုလုပ် အခုချက်ချင်း တိုးတက်မယ်လို့ ပြောလို့မရဘူး။ ပြီးခဲ့တဲ့နှစ်ကဆိုရင် သဘာဝဘေးဒဏ်တွေရှိခဲ့လို့ ပို့ကုန်နည်းနည်းကျတယ်။ ဈေးကွက်ရဲ့ အပြောင်းအလဲတွေရှိတယ်။ လက်ရှိမှာလည်း ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင်က ကောင်းတာမဟုတ်ဘူး။ စီးပွားရေးက ကျတဲ့ဘက်မှာ ရောက်နေတယ်။ ဒီလိုအခြေအနေမှာတော့ ကိုယ့်ရဲ့သယံဇာတ ထုတ်ကုန်အခြေအနေပေါ်မှာ ကြိုးစားပြီးတော့ ရုန်းကန်ရမှာဖြစ်တဲ့အတွက် ဘယ်လောက်တက်မယ်ဆိုတာတော့ ပြောလို့မရဘူး။ ဒီလိုအစီအမံတွေကို စနစ်တကျ ချမှတ်ပြီး လုပ်နေတဲ့အတွက် တိုးတက်မှုကတော့ ရှိမှာအမှန်ပဲ။ တိုးတက်မှုက အခြေခံတွေ လိုအပ်ချက်တွေကို တည်ဆောက်သွားရင်တော့ ထိုက်သင့်တဲ့အချိန်မှာ ပုဂ္ဂလိက ကဏ္ဍက လွယ်လွယ်ကူကူ ဖြောင့်ဖြောင့်တန်းတန်းနဲ့ သူတို့လုပ်ချင်တဲ့ဟာတွေ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် တိုးတက်သွားမှာပါ” ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။ လက်ရှိအချိန်၌ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ပါဝင်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ကယားပြည်နယ်အတွင်း စတင်ဆောင်ရွက်လျက်ရှိသည်။