မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၏ သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပြီး ဥပဒေအရသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကာ အချို့သော အပိုင်းများကိုမူ ပြုပြင်ရန် ရှိသည်ဟု စီမံဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၏ သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပြီး ဥပဒေအရသာ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကာ အချို့သော အပိုင်းများကိုမူ ပြုပြင်ရန် ရှိသည်ဟု စီမံဘဏ္ဍာဝန်ကြီး ပြောကြား
Published 15 June 2016
ဖြိုးဝေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၏ သက်တမ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအရ ငါးနှစ် သတ်မှတ်ထားကာ ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အချို့သော အပိုင်းများကိုမူ ပြုပြင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် အသစ် ထပ်မံ ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ်၏ ဒါရိုက်တာ အဖွဲ့ကို ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပုဂ္ဂိုလ် ကိုးဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ သုံးဦး၊ အစိုးရ အဖွဲ့က ရွေးချယ်ပေးသော ပြင်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ငါးဦးတို့ဖြင့် ဖွဲ့စည်းရမည် ဖြစ်သည်။ဥပဒေအရ ဗဟိုဘဏ် ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ကျန်ဒါရိုက်တာ အဖွဲ့ဝင်များ၏ သက်တမ်းသည် လေးနှစ်ဖြစ်ကာ အဆိုပါ ဒါရိုက်တာ အဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆက်တိုက်သက်တမ်း နှစ်ခုထက် ပို၍ တာဝန် ထမ်းဆောင်ခွင့် မရှိချေ။မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် လက်ရှိတွင် စစ်အစိုးရ လက်ထက်က ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးကျော်ကျော်မောင်က တာဝန် ထမ်းဆောင်နေပြီး အဆိုပါ ပုဂ္ဂိုလ်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်က ခန့်အပ်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်တွင်မှ ဥပဒေက ခွင့်ပြုသည့် ငါးနှစ်သက်တမ်းပြည့်မည် ဖြစ်သော်လည်း ဥပဒေအရပင် ဒုတိယအကြိမ် ဆက်လက် တာဝန် ထမ်းဆောင်နိုင်မည်ဖြစ်သည်။လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်၊ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဒေါက်တာ ဆက်အောင်၊ ဦးစိုးမင်း၊ ဒေါ်ခင်စောဦးတို့က တာဝန်ယူထားပြီး ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် ဦးမော်သန်း၊ ဒေါက်တာလှမောင်၊ ဦးကြည်ရှိန်၊ ဦးကျော်မင်းထွန်း၊ ဦးသန်းအောင်ရင် စသည့် ပုဂ္ဂိုလ်များကို ၂၀၁၃ ခုနှစ် သြဂတ် ၁၄ ရက်တွင် ခန့်အပ်ခဲ့ကာ ဦးမော်သန်းသည် လက်ရှိအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ယူထားပြီ ဖြစ်သည်။လွတ်လပ်စွာ ရပ်တည်ရမည် ဆိုသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ယခင် အစိုးရ လက်ထက်တွင် သမ္မတရုံးဝန်ကြီး ဦးလှထွန်း၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ယခင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။ လက်ရှိတွင် နိုင်ငံခြားငွေဖြစ်သည့် ဒေါ်လာအပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေကြေး ကဏ္ဍနှင့် ပတ်သက်၍ ကိုင်တွယ်သူ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်နှင့်  ဦးဖြိုးမင်းသိန်း တွေ့ဆုံထားသည်။“ဗဟိုဘဏ်က ဗဟိုဘဏ် ဥပဒေနဲ့ အညီ သွားပြီဆိုတော့ တချို့အပိုင်းတွေမှာ ပြုပြင်ဖို့တော့ ရှိတယ်။ ဒါတွေကတော့ လုပ်ရမှာပေါ့” ဟု ဦးကျော်ဝင်းက ဆိုသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် လက်ရှိ တာဝန်ယူထားသူများသည် အဓိက တာဝန်ဖြစ်သည့် ငွေကြေး တည်ငြိမ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်ရာတွင် ယခင် အစိုးရ လက်ထက်က အားနည်းချက်များ ရှိသည်ဟု ဝေဖန်ခံခဲ့ရသူများဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အမေရိကန် ဒေါ်လာကို ကျပ် ၁၀၀ ခန့် ဆွဲတင်စဉ်က လုပ်ငန်းရှင်ကြီးများနှင့် ဘဏ်လုပ်ငန်း လုပ်ကိုင်သူများကို ဖွင့်ဟ တိုင်ပင်ခဲ့သည့်အတွက် လုပ်ငန်းရှင်ကြီးများ အတွက် အမေရိကန်ဒေါ်လာ ကြိုတင် ဝယ်ယူရန် အခွင့်အလမ်း ရရှိသည့် အခြေအနေ ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့ပြင် ၂၀၁၃ ခုနှစ် သြဂုတ်တွင် ကျပ် ၁၀၀၀ ဝန်းကျင်ခန့်သာ ရှိနေသည့် အမေရိကန် ဒေါ်လာကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၃၀၄ ကျပ်အထိ အမြင့်ဆုံး ဆွဲတင်ခဲ့ဖူးသည်။ ထို့ပြင် အမေရိကန် ဒေါ်လာကို ဈေးကွက်ပေါက်ဈေး (Free Float) အတိုင်း သတ်မှတ်နိုင်ခဲ့မှု မရှိခြင်း၊ ထိန်းကျောင်းခံ နိုင်ငံခြား ငွေလဲနှုန်းဖြစ်သည့် (Manage Float) ကို တည်ငြိမ်အောင် ထိန်းကျောင်းနိုင်ခဲ့မှု မရှိခြင်းကြောင့် ပို့ကုန် မြင့်တက်မှု ရှိမလာသည့်အတွက် ဗဟိုဘဏ်၏ ကျပ် ၁၀၀ ကျော် ဒေါ်လာဈေး ဆွဲတင်မှုသည် ပြည်သူများသာ ထိခိုက်စေသည်ဟု ဝေဖန်မှုများ ခံခဲ့ရကာ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် ပြည်သူများ ကျပ်တည်းမှု ဖြစ်ပေါ်ခဲ့သည်။ထိုသို့သော ဝေဖန်ခံရမှုများနှင့် အားနည်းချက်များ ရှိနေသည့် ဗဟိုဘဏ်နှင့် ပတ်သက်၍ အစိုးရသစ် အကူးအပြောင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုမည်ဟု ဆိုထားခြင်းနှင့် လက်ရှိအချိန်တွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းနိုင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိန်းက “ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး အပြောင်းအလဲမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အရေးကြီးပါတယ်။ အစိုးရသစ် ပြောင်းတာနဲ့ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌဟာ အပြောင်းအလဲ ဖြစ်ကို ဖြစ်ရမယ်။ အစိုးရသစ် ရွေးချယ်တဲ့ ပညာရှင်ဟာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ကို ဖြစ်ရမယ်။ အဲဒါမှသာ တိုင်းပြည်ရဲ့ ငွေကြေး မူဝါဒကို ဗဟိုဘဏ်က ကျင့်သုံးမယ်။ အစိုးရက ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးမယ်။ အဲဒီ နှစ်ခု ဟန်ချက်ညီညီ လုပ်နိုင်မှ တိုင်းပြည်က ရှေ့ကို ရောက်နိုင်မယ် မြင်တယ်။ လက်ရှိ အချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌကို မရွေးချယ်နိုင်သေးတာဟာ အစိုးရအဖွဲ့ရဲ့ အားနည်းချက်ကြီး တစ်ခုကို မီးမောင်း ထိုးပြနေသလို ဖြစ်နေတယ်လို့ မြင်တယ်” ဟု ဝေဖန်ထားသည်။