ရာပြည့် ကိုပါအမေရိကပြိုင်ပွဲ ဆုကြေး ဒေါ်လာ ၂၁ ဒသမ ၅ သန်း ချီးမြှင့်မည်၊ ၂၀၁၅ ပြိုင်ပွဲဆုကြေး ဒေါ်လာ ၁၀ သန်းထက် နှစ်ဆကျော် တိုးမြှင့်ထား

ရာပြည့် ကိုပါအမေရိကပြိုင်ပွဲ ဆုကြေး ဒေါ်လာ ၂၁ ဒသမ ၅ သန်း ချီးမြှင့်မည်၊ ၂၀၁၅ ပြိုင်ပွဲဆုကြေး ဒေါ်လာ ၁၀ သန်းထက် နှစ်ဆကျော် တိုးမြှင့်ထား
Published 15 June 2016

အမေရိကန်တွင် ကျင်းပလျက်ရှိသည့် ရာပြည့် ကိုပါအမေရိကပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ရပ်လုံး ဆုကြေးဒေါ်လာ ၂၁ ဒသမ ၅ သန်းအထိ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ရုပ်သံစာချုပ်များ တန်ဖိုးမြင့်မားလာခဲ့ခြင်းကြောင့် ၂၀၁၅ ပြိုင်ပွဲတွင် ချီးမြှင့်ခဲ့သည့်ဆုကြေး ဒေါ်လာ ၁၀သန်းထက် နှစ်ဆကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
 
ရာပြည့်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့် အသင်းများကို ဆုကြေး ချီးမြှင့်မည်မဟုတ်ဘဲ ကွာတားဖိုင်နယ်အဆင့်မှ စတင်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့် လေးသင်းမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းစီ၊ စတုတ္ထရသည့်အသင်းမှာ ဒေါ်လာ ၂  ဒသမ ၅ သန်း၊ တတိယရသည့် အသင်းမှာ ဒေါ်လာ ၃ သန်း၊ ဒုတိယရသည့် အသင်းမှာ ဒေါ်လာ ၃ ဒသမ ၅ သန်းနှင့် ချန်ပီယံဖြစ်သည့်အသင်းမှာမူ ဒေါ်လာ ၆ ဒသမ ၅ သန်းအထိ ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် အသင်း ၁၆ သင်းစလုံးကို ကနဦး ပေါင်နှစ်သိန်းခွဲစီ ချီးမြှင့်ကြောင်း သိရသည်။ ချီလီနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၅ ပြိုင်ပွဲတွင်မူ  ဆုကြေးဒေါ်လာ ၁၀ သန်းကို ဆီမီးဖိုင်နယ်ရောက် လေးသင်းသာ ခွဲဝေပေးခဲ့ပြီး ချန်ပီယံ ချီလီအသင်းက ဒေါ်လာ လေးသန်း၊ ဒုတိယရ အာဂျင်တီးနားအသင်းက ဒေါ်လာ သုံးသန်း၊ တတိယရ ပီရူးအသင်းက ဒေါ်လာ နှစ်သန်းနှင့် စတုတ္ထရ ပါရာဂွေးအသင်းက ဒေါ်လာ တစ်သန်း အသီးသီး ရရှိခဲ့ကြသည်။ ၂၀၁၅ ပြိုင်ပွဲမတိုင်မီ တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL) ထိပ်တန်းတာဝန်ရှိသူများ ပါဝင်ပတ်သက်ခဲ့သည့် ငွေကြေး အရှုပ်တော်ပုံများကြောင့် ပြိုင်ပွဲတွင် ဆုကြေးချီးမြှင့်နိုင်မည် မဟုတ်ဟု ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။ ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို တောင်အမေရိက ကိုယ်စားပြုအဖြစ် ၂၀၁၅ ချန်ပီယံ ချီလီကိုသာ ဝင်ခွင့်ပြုမည်ဖြစ်သည်။