မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ရိုဟင်ဂျာဆိုသူများအား နိုင်ငံသားဖြစ်ခွင့်ပြုရေး လှုံ့ဆော်ဖော်ပြမှုပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှုအား ဇွန် ၁၄ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ပြက္ခဒိန်ရိုက်နှိပ်ရန် ဦးအောင်ခင်၏ အလုပ်အပ်မှုကို လက်ခံဆောင်ရွက်သူ ကျော်ပုံနှိပ်တိုက်မန်နေဂျာ ဦးရဲသူအောင်နှင့် ဦးအောင်ခင် အလုပ်အပ်ရာတွင် ကူညီဆောင်ရွက်သူများ ဖြစ်သည့် ဦးဝင်းနိုင် (ခ) မာမက်၊ ဦးဇော်မင်းဦး (ခ) ဟာနစ်၊ ဦးဝင်းထွေး (ခ) ဟာဗီဇက်တို့ ငါးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် ပုဇွန်တောင်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် (ခ) ဦးဟုတ်ရွှေမှာ ပုံနှိပ်တိုက်လုပ်ငန်းများအား မန်နေဂျာဖြစ်သူကို စာချုပ်စာတမ်းဖြင့် လွှဲအပ်ခဲ့ကြောင်း၊ ဦးအောင်ခင်က ကျော်ပုံနှိပ်တိုက်တွင် အလုပ်အပ်စဉ်ကလည်း မန်နေဂျာ ဦးရဲသူအောင်က ပိုင်ရှင်ဦးကျော်ကျော်အား တင်ပြခဲ့ခြင်း မရှိ၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုမှ အပြီးအပြတ် လွှတ်ပေးကြောင်း ပုဇွန်တောင်မြို့နယ် တရားသူကြီးက အမိန့်ချ မှတ်ခဲ့သည်။
အဆိုပါအမှုအား၂၀၁၅ ခုနှစ် နိုဝင်ဘာ၂၃ ရက်မှ စတင်ကာ ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်အထိ ခုနစ်လကြာ စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေအဖြစ် တရားလို အပါအဝင် ၁၅ ဦး၊ တရားခံပြသက်သေ နှစ်ဦးနှင့် စွပ်စွဲခံရသူ ငါးဦးအား စစ်ဆေးခဲ့ကာ အမှုနှင့် ပတ်သက်၍ အဓိက ကျူးလွန်သူ ဦးအောင်ခင်ဆိုသူမှာ တရားစတင်စွဲဆိုသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ထွက်ပြေးလွတ်မြောက်နေသဖြင့် တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။
Facebook တွင် အောင်ခင် (စစ်တွေ) ဆိုသည့် အကောင့်မှ ၂၀၁၆ ခုနှစ်၊ မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန် ရိုက်နှိပ်ထားသော အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ ဆိုသူများအား နိုင်ငံသားဖြစ်ခွင့်ပြုရေး လှုံ့ဆော်ဖော်ပြမှု ပြက္ခဒိန်များကို ပုဇွန်တောင်မြို့နယ် အမှတ်(၂) ရပ်ကွက် (၅၄)လမ်း အလယ်ဘလောက်ရှိ ကျော်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်နေသည်ဟုဆိုသည့် သတင်းများအရ သက်ဆိုင်ရာက နိုဝင်ဘာ၂၁ ရက် ညနေ ၃ နာရီခန့်က ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ဖလင်ချပ်များနှင့် ပြက္ခဒိန်စက္ကူများကို အဆိုပါပုံနှိပ်တိုက်မှ သိမ်းဆည်းရမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ထို့ကြောင့် ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ ဦးဝင်းနိုင် (ခ) မာမက်၊ ဦးဇော်မင်းဦး (ခ) ဟာနစ်၊ ဦးဝင်းထွေး (ခ)ဟာဗီဇက်တို့ ငါးဦး နှင့် အဆိုပါ အာရဗီပြက္ခဒိန်ကို ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင် ဆိုသူတို့ကို ပြက္ခဒိန်မှာ သာမန်ပြက္ခဒိန်မဟုတ်ဘဲ တိုင်းရင်းသားလူမျိုး အချင်းချင်း နိုင်ငံသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲစေပြီး လူမျိုးရေး၊ ဘာသာရေး ထိခိုက်စေသော အကြောင်းအရာများ ပါဝင်သဖြင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်လတ် က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က စွပ်စွဲခံရသူ ငါးဦးအား ပုဒ်မ ၅၀၅ (ခ)ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး မေ ၃၁ ရက်တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြက္ခဒိန်ရိုက်နှိပ်မှုနှင့် ပတ်သက်ပြီး ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်ပါ ငါးဦးကို ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၂၀ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုခဲ့ပြီး တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါ က ထောင်ဒဏ်နှစ်နှစ် ကျခံရမည်ဟု ပုဇွန်တောင်မြို့နယ် တရားရုံးက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် အမိန့်ချခဲ့ပြီး ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်ပါ ငါးဦးက ဒဏ်ငွေအသီးသီး ပေးဆောင်ခဲ့သည်။
ပုဒ်မ ၅၀၅ (ခ)၏ အဓိပ္ပာယ်မှာ အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို ဖြစ်သော ဖော်ပြချက် “မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန်ကြေ ညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖော်ပြထားသည်။
ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားသည့် အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့်အမှုတွင် ကျော်ပုံနှိပ်တိုက် ပိုင်ရှင်အား အပြီးအပြတ် လွှတ်ခဲ့ပြီး ပုံနှိပ်တိုက်မန်နေဂျာနှင့် အလုပ်အပ်ရာ၌ ကူညီခဲ့သူ သုံးဦးကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီချမှတ်