တပ်မတော်ကို ညစ်ညမ်းစွာ ဆဲဆိုထားသည့်စာသား ရေးသားမှုကြောင့် ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည့် သရုပ်ဆောင် ထွန်းငယ်အား ဇွန် ၁၀ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းနေ့တွင် သရုပ်ဆောင် ထွန်းငယ်အား အမှုနှင့်ပတ်သက်၍ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၉၅၊ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ထိုသို့အမိန့်ချခံရမှုနှင့် ပတ်သက်၍ သရုပ်ဆောင် ထွန်းငယ်က ၎င်းတွင်အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး လာမည့် ဇွန် ၁၇ ရက်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ထွက်ဆိုမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။“ဒီနေ့ ကိုထွန်းငယ်ကို နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၂၉၅၊ ပုဒ်မ ၅၀၅ (ခ) စွဲချက်တင်ပါတယ်။ လာမယ့် ရုံးချိန်းမှာ သူကိုယ်တိုင် ထွက်ဆိုမှုကို စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ကမာရွတ်မြို့နယ် တရားရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။သရုပ်ဆောင် ထွန်းငယ် (ခ) ထွန်းလင်းသိန်း (ခ) လင်းမောင်မှာ ပြီးခဲ့သည့် မတ် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားပေါ်၌ ရပ်တန့်ထားသည့် ၎င်း၏ကိုယ်ပိုင်ကား ဘောနက်ဖုံးပေါ်တွင် သာသနာ့အလံနှင့် ကားနောက်ဘက် လေကာမှန်တွင် မြန်မာနိုင်ငံတော် အလံတို့ ကပ်ထားပြီး ကားပေါ်တွင် တပ်မတော်အား ညစ်ညမ်းစွာ ဆဲဆိုထားသော စာသားများကို မှုတ်ဆေးဖြင့် ရေးသားထားခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သရုပ်ဆောင် ထွန်းငယ်အား ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၅၀၀ ဖြင့်လည်းကောင်း၊ ဒုရဲမှူးသိန်းဟန်က တရားလိုပြုလုပ်၍ တရားစွဲဆိုထားသော ပုဒ်မ ၂၉၄၊ ပုဒ်မ၂၉၅၊ ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကပင် တရားလိုပြုလုပ်၍ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့်လည်းကောင်း ကမာရွတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
တပ်မတော်ကို ညစ်ညမ်းစွာ ဆဲဆိုထားသည့်စာသား ရေးသားမှုကြောင့် သရုပ်ဆောင် ထွန်းငယ်အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် စွဲချက်တင်ကြောင်း ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချ