ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူသုံးဦး၏အမှု တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးအား စစ်ဆေး

ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူသုံးဦး၏အမှု တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးအား စစ်ဆေး
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသည့် အမှုအား စစ်ဆေးနေသော သာကေတမြို့နယ် တရားရုံးကို ဇွန် ၁၀ ရက်က တွေ့ရစဉ်
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသည့် အမှုအား စစ်ဆေးနေသော သာကေတမြို့နယ် တရားရုံးကို ဇွန် ၁၀ ရက်က တွေ့ရစဉ်
Published 10 June 2016
မြင့်သူ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကေတမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့်တိုက်ခိုက်ခံရသည့်အမှုမှ စွပ်စွဲခံရသူများဖြစ်သည့် ဇော်လတ်အပါအဝင် သုံးဦးအား ဇွန် ၁၀ ရက်တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် ဇော်လတ်အပါအဝင် သုံးဦးအား ပြစ်မှုပုဒ်မ ၃၂၆/၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားသော အမှုအတွက် တရားလိုပြသက်သေအဖြစ် သက်သေခံပစ္စည်း ရှာဖွေသိမ်းဆည်းရာတွင် ပါဝင်ခဲ့သော သာကေတ မြို့မရဲစခန်းမှ ရဲအုပ်အောင်ဇော်ဝင်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့ ရဲအုပ်အောင်ဇော်ဝင်းကို စစ်ဆေးခဲ့ပါတယ်။ သူကသက်သေခံပစ္စည်း ရှာဖွေသိမ်းဆည်းရာမှာ ပါဝင်ခဲ့တဲ့သူပါ။ ရုံးချိန်းကိုတော့ ဇွန် ၁၅ ရက်ကို ပြန်ပြီးတော့ ချိန်းဆိုပေးထားပါတယ်” ဟု တရားလို၏ ရှေ့နေဖြစ်သူ ဦးကျော်လှက ဇွန် ၁၀ ရက်တွင် ပြောကြားသည်။လက်ရှိအချိန်တွင် အမှုနှင့်ပတ်သက်၍ တရားလိုနှင့် တရားလိုပြသက်သေ ၁၈ ဦးအထိ စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးသာ စစ်ဆေးရန် ကျန်ရှိတော့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်ညပိုင်းတွင် သာကေတမြို့နယ် NLD ပါတီဝင်များသည် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ ပြန်လာခဲ့ပြီး မာန်ပြေ (၈) လမ်းထိပ်အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့ ကွမ်းယာဝင်ဝယ်စဉ် ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအားဦးစွာ ကွမ်းယာထုတ်ပေးရန် ပြောဆိုရာမှ ၎င်းတို့စကားများကြပြီး စတင်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုကို ကိုအောင်ကျော်ကျော်က သွားရောက်ဖျန်ဖြေ တားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင်ဓား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ) ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့က တုတ်များကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုဇော်လတ် (ခ) အောင်ဇော်လတ်၊ ကိုထက်ကို (ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့ သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ- ၃၂၆/၃၂၃/၂၉၄ တို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့အနက် ကိုဇော်လတ် (ခ) အောင်ဇော်လတ်ကို လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် ထပ်တိုးတရားစွဲထားကြောင်း သိရသည်။လက်ရှိတွင် ဦးနိုင်ငံလင်းသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။