သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စင်ကာပူဝန်ကြီးချုပ် သီးခြားစီတွေ့ဆုံ၊ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ဒီဇင်ဘာ ၁ ရက် စတင်မည်

သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စင်ကာပူဝန်ကြီးချုပ် သီးခြားစီတွေ့ဆုံ၊ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ဒီဇင်ဘာ ၁ ရက် စတင်မည်
Published 8 June 2016
နေရိုင်း၊ ဇေယျာထွန်း၊ ရွှန်းလဲ့ဝင်း

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နေပြည်တော်တွင် ဇွန် ၇ ရက် က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
 
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် စင်ကာပူဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် မြန်မာနှင့် စင်ကာပူနိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးတို့ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ 
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဇွန် ၇ ရက် ညနေ ၃ နာရီ မိနစ် ၃၀ တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
 
ထိုသို့ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာတွင် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်မဖြစ်စေရေး သဘောတူစာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည်သုံးသပ်၍ ပြင်ဆင်ချုပ်ဆိုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ စင်ကာပူ လေကြောင်းလိုင်းများ မြန်မာနိုင်ငံမြို့ကြီးများသို့ တိုက်ရိုက်ပျံသန်း ပို့ဆောင်ပေးသည့် သီးသန့်ခရီးစဉ် ပြေးဆွဲရေးအပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေးပညာ သင်တန်းကျောင်း၌ ဝန်ဆောင်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တိုးမြှင့်ဖွင့်လှစ် သင်ကြားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာများ၊ နိုင်ငံတကာကိစ္စရပ်များတွင် အာဆီယံကိုယ်စား တက်ကြွစွာ ဦးဆောင်မှုပေးရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံ အထူးသဖြင့် သာမန်ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေ စင်ကာပူကို ဝင်တဲ့အခါမှာ ဗီဇာမလိုတော့ဘူး။ အဲဒီမှာ ရက်ပေါင်း ၃၀ နေခွင့် ရှိမယ်။ အဲဒါကို ကျွန်တော်တို့ဆီက နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ စင်ကာပူသံအမတ်ကြီးတို့ သဘောတူညီချက်ကို အပြန်အလှန် လဲလှယ်ကြခြင်း ဖြစ်ပါတယ်။ ဘယ်နေ့စပြီး အသက်ဝင်မလဲဆိုတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီးတော့ အသက်ဝင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ပတ်စ်ပို့အနီတွေ သွားတဲ့အခါမှာ ဗီဇာ မလိုတော့ဘူး။ ရက် ၃၀ အထိ နေလို့ရတယ်။ ရက် ၃၀ ထက် ပိုနေချင်ရင်တော့ သူ့သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ရမှာဖြစ်ပါတယ်”ဟု သတင်းမီဒီယာများအား ရှင်းလင်းပြောကြားသည်။
 
အဆိုပါ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ နှစ်နိုင်ငံ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ စတင်၍ မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း ၃၀ သွားလာနေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
 
ယခင်က စင်ကာပူနိုင်ငံသို့ သွားရောက်ရန် အလည်အပတ်ဗီဇာကို ဗီဇာကြေးဒေါ်လာ ၃၀ နှင့် ရက်ပေါင်း ၃၀ နေထိုင်ခွင့် ပြုထားသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံရာတွင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပိုမိုတက်ကြွစွာ ပါဝင်နိုင်ရန် စင်ကာပူဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုခဲ့ကြောင်း သိရသည်။
 
ဦးဇော်ဌေးက “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာ ပိုပြီးထူးခြားတာ ဘာလဲဆိုတော့ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်စုရဲ့ အခန်းကဏ္ဍကို ပိုမိုတက်ကြွစွာ ပါဝင်နိုင်ဖို့ စင်ကာပူဝန်ကြီးချုပ်က တောင်းဆိုပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားရတဲ့ ပုံရိပ်ရှိတယ်။ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတာ G-20 ၊ Climate Change စသဖြင့်ပေါ့။ နိုင်ငံတကာ စာမျက်နှာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ အာဆီယံက အဖွဲ့အစည်းသေးသေးလေး ဖြစ်နေတယ်။ သေးသေးလေးမှာ အရင်တုန်းက Voice က ကောင်းကောင်းကန်းကန်း မရှိဘူး။ အဲဒီတော့ အာဆီယံကို ကိုယ်စားပြုပြီး ဒေါ်အောင်ဆန်းစုကြည်က တက်တက်ကြွကြွနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ပေးဖို့ တောင်းဆိုတာပေါ့နော်။ အဲဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ပေးဖို့ တက်ကြွတဲ့ အခန်းကဏ္ဍ လုပ်မယ်ဆိုတာ ပြောသွားပါတယ်”ဟု ပြောကြားသည်။
 
ထို့ပြင် စင်ကာပူ-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၅၀) ပြည့် အထိမ်းအမှတ်အနေဖြင့် လာရောက်သည့် ခရီးဖြစ်ကြောင်းနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။ 
 
“နိုစ်နိုင်ငံကြားမှာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်တဲ့အခါမှာ နှစ်နိုင်ငံ သဘောတူညီချက်လုပ်ဖို့ ချုပ်ဆိုဖို့ အဆိုပြုပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့ စင်ကာပူကျောင်းကို ရန်ကုန်မှာ ဖွင့်ထားပါတယ်။ အဲဒီကျောင်းမှာ ဟိုတယ်လုပ်ငန်း၊ အီလက်ထရွန်နစ် ကျွမ်းကျင်မှုသင်တန်းတွေ ပေးနေတာဖြစ်ပါတယ်။ မြန်မာလူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာတွေ ရရှိဖို့၊ စင်ကာပူ လေကြောင်းလိုင်းတွေကနေပြီး မြန်မာနိုင်ငံ ရန်ကုန်ကို နှစ်ရက်နေမယ်။ မန္တလေးမှာ နေမယ်။ တိုးရစ်တွေက Package Tour နဲ့လိုက်လာမယ်။ လိုက်လာပြီး တိုက်ရိုက်ပျံသန်းတာ ဖြစ်တဲ့အတွက် ခရီးသွားတွေ ပိုပြီးတော့ မြင့်မားလာမယ်ဆိုတာကို သူက အဆိုပြုပါတယ်” ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
 
 

Most Read

Most Recent