Miss Myanmar World Winner Bella (ခေါ်) မြတ်သီရိလွင်နှင့် တွေ့ဆုံခြင်း

Miss Myanmar World Winner Bella (ခေါ်) မြတ်သီရိလွင်နှင့် တွေ့ဆုံခြင်း
Published 7 June 2016
လင်းလင်းခိုင်

တတိယအကြိမ်မြောက် ပြုလုပ်ခဲ့သည့် Miss Myanmar World ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ် အဖြစ် အသက် ၁၇ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးဖြစ်ပြီး လှပဖော်ရွေသည့် အပြုံးကြောင့် မြင်ရသူတိုင်း ချစ်ခင်အားပေးကြသူ ပြိုင်ပွဲဝင် အလှမယ် Bella (ခေါ်) မြတ်သီရိလွင်က ရွေးချယ် ခံခဲ့ရပါသည်။ ပရိသတ် အားပေး ရွေးချယ်မှု မဲအများဆုံး ရရှိခဲ့သည့် အလှမယ် တစ်ဦးလည်း ဖြစ်ပြီး ဆုရရှိပြီး နောက်တွင်လည်း အကဲဖြတ် ဒိုင်များ၏ ရွေးချယ်မှုအပေါ် အားပေး လက်ခံမှု အပြည့်အ၀ ရရှိခဲ့သည့် အလှမယ် တစ်ဦး ဖြစ်သည်။ Miss World 2016 ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမည့် အလှမယ် Bella (ခေါ်) မြတ်သီရိလွင်နှင့် တွေ့ဆုံ၍ ပြိုင်ပွဲ အတွေ့အကြုံ အပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။Miss Myanmar World Winner Bella (ခေါ်) မြတ်သီရိလွင်နှင့် တွေ့ဆုံခြင်း■ မေး - Miss Myanmar World Winner ဆုကို ရရှိတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားမှုလေး ပြောပြပေးပါဦး။ဖြေ - အရမ်းလည်း ပျော်သလို အရမ်းလည်း အံ့အားသင့်မိပါတယ်။ ဒီပြိုင်ပွဲကို စပြိုင်ကတည်းက ညီမ တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပေမယ့် Winner ဖြစ်ဖို့ကိုတော့ မမျှော်လင့်ရဲခဲ့ပါဘူး။ တကယ်တမ်း ပြိုင်ပွဲနေ့မှာ Winner ဆု ရခဲ့တဲ့ အခါကျတော့ အိပ်မက် မက်နေသလိုပါပဲ။ အရမ်း ပျော်ရွှင်ရပါတယ်။ အခုချိန်ထိလည်း အိပ်မက် မက်နေတယ်လို့ ခံစားနေရတုန်းပါပဲ။■ မေး - ပြိုင်ပွဲမှာ ဆန်ခါတင် အယောက် ၂၀ အဖြစ် Activities တွေ လုပ်ဆောင်ခဲ့တဲ့ အခါ ဘယ်လို အတွေ့အကြုံတွေ ရခဲ့သလဲ။ စိန်ခေါ်မှုတို့ အခက်အခဲတို့ရော ရှိသေးလား။ဖြေ - ဟုတ်။ ညီမက Miss ပြိုင်ပွဲ အတွေ့အကြုံလည်း နည်းသေးသလို အနုပညာလောကထဲ ရောက်လာတာလည်း သိပ်မကြာသေးတဲ့ အခါကျတော့ အခု ဆန်ခါတင် ပြိုင်ပွဲဝင် အနေနဲ့ ပြိုင်ပွဲတောက်လျှောက် တစ်လလောက် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ခွင့်ရတာက အတွေ့အကြုံတွေ အများကြီး ရစေပါတယ်။ လေ့လာမှုတွေ အများကြီး လုပ်ရတယ်။ ပရဟိတ အလုပ်တွေလည်း လုပ်ခွင့် ရခဲ့တယ်။ အဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်တတ်မှု၊ စည်းကမ်း လိုက်နာတတ်မှု၊ တစ်ဦးအပေါ် တစ်ဦး ရင်းနှီးချစ်ခင်မှု၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ အားထုတ်မှု စတာတွေကို အများကြီး လေ့ကျင့်ခွင့် ရစေခဲ့ပါတယ်။ အရင်ကတော့ အိမ်မှာ ကလေးတစ်ယောက်လိုပဲ နေဖြစ်ခဲ့ရာကနေ အများကြီးလည်း ရင့်ကျက်သွားစေခဲ့တယ်။ ဘာပဲလုပ်လုပ် အများနဲ့၊ အဖွဲ့အစည်းနဲ့ဆိုတဲ့ စိတ်ဓာတ်ကို ရရှိစေခဲ့ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ ညီမက အတွေ့အကြုံ နည်းသေးတဲ့ သူတစ်ယောက် ဆိုတော့ အစစအရာရာ အခက်အခဲတွေ ရှိပါတယ်။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစား လုပ်ကိုင်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားဖြတ်ကျော် ဖြစ်ခဲ့တာပါ။■ မေး - နောက်ဆုံးအဆင့် ပြိုင်ပွဲနေ့ အဆင့်ဆင့် ယှဉ်ပြိုင်မှုမှာရော ဘယ်လို အခက်အခဲတွေ ကြားထဲက ယှဉ်ပြိုင်ခဲ့ရလဲ။ဖြေ - ပြိုင်ပွဲ နောက်ဆုံးနေ့မှာတော့ ဆုရခြင်း မရခြင်း ဆိုတာထက် ညီမအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရခဲ့ပြီးပြီ။ ဒါကြောင့် ဆုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဒါက အမြတ်ပဲလို့ စိတ်ဆုံးဖြတ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်ပါတယ်။ မထင်မှတ်ဘဲနဲ့ အဆင့်ဆင့် ရွေးချယ်မှုမှာ ပါဝင်တဲ့ အခါကျတော့ အရမ်းကို ပျော်ရွှင်ရသလို ရင်လည်း ပိုခုန်ရပါတယ်။ ဉာဏ်စမ်းမေးခွန်း ဖြေဆိုရတဲ့ အခါမှာလည်း ညီမ ယုံကြည်ထားသလိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ဖြေဆိုခဲ့တယ်။ တကယ်တမ်း ဆုကြေညာတော့မယ့် အချိန်မှာတော့ အရမ်းကြီး မျှော်လင့်မထားခဲ့ဘူး။ Winner ဆု ရတယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာ အရမ်းလည်း ပျော်ရသလို အရမ်းလည်း အံ့အား သင့်ခဲ့ရပါတယ်။ အဓိကတော့ ညီမကို စပြိုင်ကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ မိဘဆွေမျိုးတွေ၊ ဆရာတွေနဲ့ သူငယ်ချင်းတွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။■ မေး - ပရိသတ်က ပေးတဲ့ မဲတွေမှာလည်း မဲအများဆုံး ရခဲ့တယ်နော်။ဖြေ - ဟုတ်ပါတယ်။ ညီမက အခုလို Winner ဆုရဖို့အတွက် အဓိက အကျဆုံး အရာတစ်ခုက ပရိသတ်ရဲ့ အားပေးမှုပါ။ ပရိသတ် အားပေးမှု မရှိဘဲနဲ့ အခုလို အဆင့်ထိ ဆက်လက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ပရိသတ်တွေက မဲတွေ အများကြီး ပေးပြီး အားပေးခဲ့ကြသလို အွန်လိုင်းကနေရော၊ ဖုန်းဆက်ပြီးတော့ပါ အများကြီး အားပေးခဲ့ကြတယ်။ ညီမ အခက်အခဲ ကြုံလို့ စိတ်အားငယ်တိုင်း၊ စိတ်ဓာတ်ကျတိုင်းမှာလည်း ပရိသတ်ရဲ့ အားပေးမှုကြောင့် အများကြီး ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ မဲအများဆုံး ရခဲ့တဲ့အတွက် ပြိုင်ပွဲမှာလည်း နောက်ဆုံး ဆန်ခါတင် ၁၀ ယောက် စာရင်းမှာ အလိုအလျောက် ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်ရဲ့ အားပေးမှုက ညီမ ပြိုင်ပွဲမှာ ယှဉ်ပြိုင်မှုအတွက် အများကြီး အထောက်အကူတွေ ရစေခဲ့ပါတယ်။■ မေး - Miss Myanmar World Winner ရပြီးပြီ ဆိုတော့ Miss World ပြိုင်ပွဲအတွက် ဘယ်လို လေ့ကျင့် ပြင်ဆင်သွားမလဲ။ဖြေ - မြန်မာ ကိုယ်စားပြု အနေနဲ့ Miss World ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် အခုကတည်းက စပြီး လေ့ကျင့် ပြင်ဆင်မှုတွေ လုပ်သွားတော့မှာပါ။ လေ့ကျင့် ပြင်ဆင်မှု များလေ ရလဒ်ကောင်းလေ ဆိုတာလည်း ညီမ လိုက်နာ ယုံကြည်ထားပါတယ်။ ဒါကြောင့် အလှမယ် တစ်ယောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ် လှပ ကြံ့ခိုင်မှုအတွက် ပြင်ဆင်သွားမှာ ဖြစ်သလို ပြိုင်ပွဲမှာ လိုအပ်မယ့် အားကစား ယှဉ်ပြိုင်မှု စွမ်းရည်၊ Talent ပိုင်းတွေ အတွက်လည်း အချိန်ပေး ပြင်ဆင်သွားပါမယ်။ ဗဟုသုတပိုင်းနဲ့ ပတ်သက်လို့လည်း ကမ္ဘာ့အလှမယ်တွေ ကြားမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မျှဝေနိုင်ဖို့အတွက် လေ့လာပြင်ဆင်မှုတွေ ပြုလုပ်သွားပါမယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာက ပရဟိတနဲ့ ပတ်သက်ပြီးတော့ ဗီဒီယိုကလစ် တစ်ခုလည်း တင်ရမှာ ဆိုတော့ အဲဒီ အတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားပါမယ်။■ မေး - မြန်မာအလှမယ်တစ်ယောက် အနေနဲ့ Miss World ပြိုင်ပွဲမှာ ဘယ်လို အရာတွေကို အဓိကထား ပြသသွားချင်လဲ။ဖြေ - အဓိက,ကတော့ မြန်မာ မိန်းကလေးတွေရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ရင်းနှီးဖော်ရွေမှု၊ တစ်ဦးအပေါ် တစ်ဦး ငဲ့ညှာတတ်မှု၊ အပြန်အလှန် ရိုင်းပင်း ကူညီမှု ဆိုတဲ့ ဂုဏ်ယူစရာ စိတ်ထားတွေ ပြသချင်သလို မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကိုလည်း ပြသ သွားချင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက လှပတဲ့ ရေမြေတောတောင် သဘာဝတွေ၊ တန်ဖိုးရှိလှတဲ့ သဘာ၀ သယံဇာတ အကြောင်းအရာတွေကိုလည်း မျှဝေပေးချင်ပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေမှာ ရှိတဲ့ ပရဟိတ စိတ်ထားကိုလည်း အကောင်းဆုံး ပြသ သွားချင်ပါတယ်။

Most Read

Most Recent