AYA Cup ပြိုင်ပွဲ၏ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းတွင် မြန်မာ အသင်းနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာ အသင်းက ဟောင်ကောင်အသင်းကို (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိကာ တတိယနေရာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ဖိအားများဖြင့် ကစားခဲ့ရသော်လည်း ဟောင်ကောင်အသင်းကို ပွဲအစကတည်းက အချိတ်အဆက်မိမိဖြင့် ခြေအသာ ကစားနိုင်ခဲ့သည်။
မြန်မာအသင်းသည် ဟောင်ကောင်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ယခင်ပွဲတွေထက် ပိုမိုထက်မြက်ခဲ့ကာ နှစ်ပွဲဆက်ဂိုးပေါက် ပျောက်ဆုံးနေမှုကို ပွဲချိန် (၂၃)မိနစ်တွင် အထောင်တိုက်စစ်နေရာတွင် ကစားသည့် သန်းပိုင်က ကျော်ကိုကို၊ ရဲကိုဦး တွဲလုံးမှတဆင့် သွင်းယူခဲ့ပြီး ချေဖျက်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းက ကစားအားမချဘဲ ဆက်လက်ဖိအားပေး ကစားခဲ့ပြီး (၇၆) မိနစ်တွင် လူစားဝင်ကစားသမား မောင်မောင်လွင်က ဒုတိယဂိုး သွင်းယူခဲ့သည်။ မြန်မာအသင်းအတွက် တတိယမြောက် ဂိုးကိုတော့ (၈၉)မိနစ်မှာ ကွင်းလယ်တွင် အကောင်းဆုံ းခြေစွမ်းပြကစားနေသည့် ရဲကိုဦးက ဂိုးသမားဘယ်လိုမှ မကာကွယ်နိုင်သည့် အဝေးတိုင်ဘက်ကို လှလှပပ သွင်းယူပေးခဲ့သည်။
မြန်မာအသင်းသည် ဟောင်ကောင်အသင်းကို ရှုံးကြွေးပြန်ဆပ်နိုင် ခဲ့ခြင်းဖြစ်ပြီး နည်းပြဂတ်လက်ထက် (၈) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။