လက်ရှိ ဘဏ္ဍာနှစ် (၂၀၁၆-၂၀၁၇)တွင် စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော်စီ ဝင်ရောက်ရန် လျာထားကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်) တွင် ဖော်ပြထားချက်အရ သိရသည်။လက်ရှိ ဘဏ္ဍာနှစ်တွင် စက်မှု၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွား၊ သတ္တု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ အိမ်ရာ အဆောက်အအုံနှင့် အခြား ဝန်ဆောင်မှု စသည့်ကဏ္ဍ ၁၀ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇၉၅၈ ဒသမ ၀၅၀ သန်း ဝင်ရောက်လာရန် လျာထားကြောင်း သိရသည်။အဆိုပါ ကဏ္ဍ ၁၀ ခုအနက် စက်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၇၈၅ ဒသမ ၃၁၆ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၄၆ ဒသမ ၀၁၅ သန်း ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ရှစ်ဘီလျံအထိ ဝင်ရောက်ရန် ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်စ ဧပြီလတွင်မူ နိုင်ငံခြား ရင်းနှီးမြှုပ်နံံှမှု ဝင်ရောက်ခြင်း မရှိခဲ့ပေ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ခွင့်ပြုပေးရမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုလည်း လက်ရှိအချိန်ထိ ပြန်လည် ဖွဲ့စည်းမှု မရှိသေးကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၄ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ တစ်ဘီလျံကျော် ပိုမို ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုရှာဖွေ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း ဝင်ရောက်ခဲ့သဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၄၇၀ ဒသမ ၇၄၂ သန်း ပိုမိုခဲ့သည်။၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၆၃၇၁၈ ဒသမ ၅၇၄ သန်း (၆၃ ဘီလျံကျော်) ရှိကြောင်း သိရသည်။
လက်ရှိ ဘဏ္ဍာနှစ်တွင် စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော်စီ ဝင်ရောက်ရန် လျာထား










