ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် စက်လှေတစ်စင်း နစ်မြုပ်မှုကြောင့် ကျောင်းသား ကျောင်းသူ ၇ ဦး ပျောက်ဆုံး

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် စက်လှေတစ်စင်း နစ်မြုပ်မှုကြောင့် ကျောင်းသား ကျောင်းသူ ၇ ဦး ပျောက်ဆုံး
Published 1 June 2016

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်တွင် ယနေ့ (ဇွန်လ ၁ ရက်) နေ့လည် ၁ နာရီကျော်ခန့်က ပိုးရွှီပြင် အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃၅ ဦးကို တင်ဆောင်လာသည့် စက်လှေတစ်စီးမှာ တောဖျားချောင်း၌ နစ်မြုပ်မှုကြောင့် ကျောင်းသားကျောင်းသူ ခုနှစ်ဦး ပျောက်ဆုံးနေပြီး ယခုအချိန်ထိ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

 
“စက်လှေမှာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅ ယောက် ပါပါတယ်။ ၂၈ ယောက်ကိုတော့ မိဘများထံ ပြန်လည် အပ်နှံ ပြီးပါပြီ။ ခုနစ်ဦးကို ဆက်လက် ရှာဖွေနေဆဲပါ” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက ပြောကြားပါသည်။
 
အဆိုပါ စက်လှေမှာ ပိုးရှီပြင်ဆိပ်ကမ်းမှ ပေ ၆၀ ခန့် အကွာ၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး စက်လှေပေါ်တွင် စီးနင်းလာသူ ကျောင်းသား ကျောင်းသူ ၃၅ ဦးအနက် ရှစ်တန်းကျောင်းသူ သုံးဦးနှင့် ကျောင်းသား တစ်ဦး၊ ခုနစ်တန်းကျောင်းသူ နှစ်ဦးနှင့် ကျောင်းသား တစ်ဦးတို့ ပျောက်ဆုံးလျက် ရှိကြောင်း သိရပါသည်။
“ကျောင်းသားတွေ ကျောင်းဆင်းပြီး အပြန် နေ့လည် ၁ နာရီကျော်လောက်မှာ နစ်တာလို့ သိရပါတယ်။ လှေသွားနေရင်း ရေဝင်တဲ့အတွက် လှေဦးက ကျောင်းသူတွေကို လှေပဲ့ပိုင်းကို ရွှေ့ခိုင်းနေချိန်မှာ နစ်တာလို့ သိရပါတယ်။ အနီးဝန်းကျင် လှေတွေ ကယ်တင်လို့ တစ်ချို့တော့ အသက်ရှင်ခွင့် ရခဲ့ကြတယ်” ဟု ပိုးရွှီ ပြင်ကျေးရွာ မဟာမိတ် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ ဦးကံထွန်းမောင်က ပြောကြားပါသည်။
ထိုသို့ ပျောက်ဆုံးနေဆဲဖြစ်သော ကျောင်းသား ကျောင်းသူ ၇ ဦးမှာ ဂန့်ဂါ ကျေးရွာမှ ဖြစ်ပြီး ကျောင်းသူ ၅ ဦးမှာ မခိုင်ဖြိုးဦး၊ မခိုင်ဖြိုးထွေး၊ မငြိမ်းငြိမ်းထွေး၊ မအေးငြိမ်းစိုး၊ မကြည်ကြည်မနှင့် ကျောင်းသား ၂ ဦးမှာ မောင်မြတ်ဇော်ဝင်း၊ မောင်ရည်ဝေလင်းတို့ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

 

Most Read

Most Recent