ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် မတ်လတွင် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၂၄ ဘီလျံကျော် ရှိပြီး ဧပြီတွင် ငါးဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ကာ သီလဝါ ရှယ်ယာရောင်းချပြီးနောက် နေ့စဉ် ကျပ် တစ်ဘီလျံနှင့်ကျော် အထက် အရောင်းအဝယ်ဖြစ်ပေါ်နေရာမှ ဆက်တိုက်ပြန်

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် မတ်လတွင် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၂၄ ဘီလျံကျော် ရှိပြီး ဧပြီတွင် ငါးဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ကာ သီလဝါ ရှယ်ယာရောင်းချပြီးနောက် နေ့စဉ် ကျပ် တစ်ဘီလျံနှင့်ကျော် အထက် အရောင်းအဝယ်ဖြစ်ပေါ်နေရာမှ ဆက်တိုက်ပြန်
Published 1 June 2016
ဖြိုးဝေ

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် မတ်လတွင် ရှယ်ယာအရောင်းအဝယ် ဖြစ်ပေါ်မှု ကျပ် ၂၄ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ဧပြီလတွင် ငါးဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကာ သီလဝါရှယ်ယာများ စတင်ရောင်းချခဲ့ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာ အရောင်းအဝယ်ဖြစ်ပေါ်မှု နေ့စဉ် ကျပ် တစ်ဘီလျံကျော်ဖိုးအထက် အရောင်းအဝယ် ဖြစ်ပေါ်နေရာမှာ မေ ၃၀ ရက်မှ စတင်ကာ ပြန်လည်ကျဆင်းကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသည့် အချက်များအရ သိရသည်။
 
မြန်မာနိုင်ငံတွင် ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင် ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံး စတော့ရှယ်ယာရောင်းချခွင့် FMI ကုမ္ပဏီက မေ ၁၉ ရက်အထိ ကုမ္ပဏီတစ်ခုတည်း ပြိုင်ဘက်မရှိ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ကာ ရက်သတ္တပတ်အတွင်း ကျပ် ၂၄ ဘီလျံကျော်ဖိုး အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။ FMI ကုမ္ပဏီအနေနှင့် ရက်သတ္တပတ်အတွင်း ၂၄ ဘီလျံကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့သော်လည်း ဧပြီလတွင်မူ ရှယ်ယာဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု ကျဆင်းသွားပြီး ငါးဘီလျံကျော်ဖိုးသာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
 
FMI ကုမ္ပဏီ၏ အရောင်းအဝယ် ဖြစ်ပေါ်သည့် အခြေအနေများမှာ မတ်လတွင် အနိမ့်ဆုံး ကျပ် ၃၁၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၁၀၀၀ အကြားတွင် အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှုပေါင်း ၆၆၉၉၃၉ အထိ ရှိခဲ့သည်။ 
ဧပြီလတွင်မူ အနိမ့်ဆုံး ကျပ် ၃၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၃၇၀၀၀ အကြားတွင် အစုရှယ်ယာပေါင်း ၁၈၂၇၅၇ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သဖြင့် ထိုသို့ အစုရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်မှု ကျဆင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
 
ဧပြီလတွင် အနိမ့်ဆုံး ကျပ် ၃၀၀၀၀ အထိသာ ဖြစ်ပေါ်ခဲ့သည့် FMI ရှယ်ယာများသည် မေလတွင်မူ ဆိုးရွားစွာ ကျဆင်းလာပြီး မေ ၂ ရက် နံနက်ခင်းဈေးတွင် ရှယ်ယာတစ်စုလျင် ကျပ် ၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ နေ့လယ်ခင်းဈေးတွင် ကျပ် ၂၈၀၀၀ အထိ ကျဆင်းခဲ့သည်။ 
 
မေ ၁၂ ရက်တွင် ရှယ်ယာတစ်စုလျှင် နံနက်ခင်းက ကျပ် ၂၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း နေ့လယ်ဈေးတွင် ကျပ် ၂၇၀၀၀ သို့ ဆက်လက် ကျဆင်းကာ မေ ၁၃ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၂၆၀၀၀ သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သိရသည်။
 
အဆိုပါ ကျဆင်းခဲ့သည့် ရှယ်ယာ တစ်စုဈေးနှုန်းကျပ် ၂၆၀၀၀ သည် ရန်ကုန်စတော့အိတ်ချိန်း မဖွင့်လှစ်မီ ယခုနှစ် ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည့် FMI ရှယ်ယာတစ်စု ကျပ် ၃၅၀၀၀ အခြေအနေထက်ပင် ဆိုးရွားစွာ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
 
မေ ၂၀ ရက်တွင် သီလဝါရှယ်ယာများ စတင်ရောင်းချလာပြီးနောက် သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၅၀၀၀၀ ဖြစ်ပေါ်ကာ သီလဝါရှယ်ယာနှင့် FMI ရှယ်ယာ နှစ်ခုပေါင်း အရောင်းအဝယ်ဖြစ်ပေါ်မှု ၂၉၉၁၀ စု ရှိကာ ကျပ် ၁ ဒသမ ၁ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ မေ ၂၃ ရက်တွင် သီလဝါရှယ်ယာနှင့် FMI ရှယ်ယာ နှစ်ခုပေါင်း ၅၅၂၄၂ စု အရောင်းအဝယ် ဖြစ်ပေါ်ကာ ကျပ် ၂ ဒသမ ၆ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
 
မေ ၂၄ ရက်တွင် သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၇၀၀၀၀ အထိ မြင့်တက်သွားပြီး သီလဝါရှယ်ယာနှင့် FMI ရှယ်ယာ နှစ်ခုပေါင်း ၃၉၀၆၄ စုသာ အရောင်းအဝယ် ဖြစ်ပေါ်သော်လည်း သီလဝါရှယ်ယာဈေး မြင့်တက်သဖြင့် ကျပ် ၂ ဒသမ ၁ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။ မေ ၂၅ ရက် တွင် သီလဝါရှယ်ယာနှင့် FMI ရှယ်ယာ နှစ်ခုပေါင်း ၆၄၁၈၉ စုအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သဖြင့် ကျပ် ၃ ဒသမ ၈ ဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး မေ ၂၆ ရက်တွင် အစုရှယ်ယာပေါင်း ၂၁၅၁၉ စုနှင့် ကျပ် ၁ ဒသမ ၁ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ကာ မေ၂၇ ရက်တွင် ၃၁၃၂၉ စု အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ပြီး ကျပ် ၁ ဒသမ ၅ ဘီလျံကျော်ဖိုး အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
 
ထိုသို့ အရောင်းအဝယ် ဖြစ်ပေါ်နေသော်လည်း မေ ၃၀ ရက်တွင် ရှယ်ယာဈေးနှင့် အရောင်းအဝယ်ဖြစ်ပေါ်မှု ရုတ်ခြည်း ကျဆင်းသွားပြီး သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၅၇၀၀၀ သာ ဖြစ်ပေါ်ကာ အစုပေါင်း ၆၄၁၂ စုသာ ရောင်းချခဲ့ရပြီး FMI ရှယ်ယာ တစ်စုလျင် ကျပ် ၂၇၀၀၀ ဖြင့် ၇၀၇၅ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
 
ထို့ပြင် မေ ၃၁ ရက်တွင်လည်း  ရှယ်ယာဈေးနှင့် အရောင်းအဝယ် ဖြစ်ပေါ်မှု ရုတ်ခြည်းကျဆင်းသွားပြီး သီလဝါရှယ်ယာ တစ်စုလျှင် အဖွင့်ဈေးကျပ် ၅၆၀၀၀ သာ ဖြစ်ပေါ်ကာ အစုပေါင်း ၅၅၈၅ စုသာ ရောင်းချခဲ့ရပြီး FMI ရှယ်ယာ တစ်စုလျှင် ကျပ်၂၆၀၀၀ ဖြင့် ၄၁၁၁ စုသာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နေ့လယ် အပိတ်ဈေးတွင် သီလဝါရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀၀ ထပ်မံ ကျဆင်းသွားပြီး အရောင်းအဝယ်ဖြစ်ပေါ်မှု နည်းပါးခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent