မေလနောက်ဆုံးရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၉၅ ကျပ် ဝန်းကျင်ရှိ

မေလနောက်ဆုံးရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၁၉၅ ကျပ် ဝန်းကျင်ရှိ
Published 31 May 2016

မေလနောက်ဆုံးရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်ရေး ဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်အထိ ဆက်တိုက် မြင့်တက်ခဲ့သော ပြင်ပ ဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေ ၂၆ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၁၈၅ ကျပ် ဝန်းကျင်သို့ တစ်ရက်အတွင်း ၁၅ကျပ် ဝန်းကျင် ပြန်လည် ကျဆင်းခဲ့ပြီး မေ ၂၇ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၇ ကျပ်ဝန်းကျင်မှ မေ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ် ဝန်းကျင်သို့ ပြန်လည် မြင့်တက်ခဲ့သည်။မေ ၃၁ရက် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် အဖွင့်ဈေးတွင် တစ်ဒေါ်လာ ၁၁၉၃ ကျပ်ဝန်းကျင် ရှိနေပြီး မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်ဝန်းကျင် ရှိခဲ့သည်။ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် မေလ နောက်ဆုံးပတ်အတွင်း အတက်ဘက်သို့ ဦးတည်နေခဲ့ပြီး မေ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၉ ကျပ်ဝန်းကျင်မှ မေ ၂၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၈ ကျပ်ဝန်းမှ မေ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀၀ ဝန်းကျင်အထိ နှစ်ရက်အတွင်း ၂၁ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။မေလ ဒုတိယပတ် ၉ ရက်မှ မေတတိယပတ် ၁၇ ရက်အထိ တစ်ပတ်ကျော်အကြာ အပြောင်းအလဲ မရှိဘဲ တစ်ဒေါ်လာလျှင် ၁၁၆၈ ကျပ် သတ်မှတ်ထားသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းတွင် ဒေါ်လာ သတ်မှတ်နှုန်းသည် မေ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀ မှမေ ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၁ ကျပ်သို့ ပြန်လည် မြင့်တက်လာခဲ့သည်။မေနောက်ဆုံးပတ် အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်း ဒေါ်လာလဲနှုန်းသည် မေ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၂ ကျပ်မှ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၇၄ ကျပ်သို့ မြင့်တက်လာခဲ့ကာ မေ ၂၆ ရက်တွင် ၁၁၇၉ ကျပ်သို့ တစ်ရက်အတွင်း ငါးကျပ်တိုးမြှင့် သတ်မှတ်ပြီးနောက် မေ ၂၇ ရက်နှင့် ၃၀ ရက်များတွင် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ကျပ် ၁၁၈၀ သို့ ပြန်လည် မြင့်တက်လာသည်။ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြား ငွေကြေး လေလံတွင် ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်းများထံသို့ မေ ၂၃၊ ၂၄၊ ၂၆၊ ၂၇၊ ၃၀ နှင့် ၃၁ ရက်များတွင် တစ်ရက်လျှင် ဒေါ်လာ တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ဒေါ်လာခြောက်သိန်းကို ရောင်းချခဲ့ပြီး မေ ၂၅ ရက်တွင် ဒေါ်လာ တစ်သန်းကို ငွေကြေးလေလံမှ တစ်ဆင့်ပြန်လည် ဝယ်ယူခဲ့သည်။မေ ၃၁ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင်ကျပ် ၁၁၈၂ သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၁၉၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၁၉၂ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

Most Read

Most Recent