၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်လကျော် ကာလအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာသန်း ၅၅၀ ကျော်ဖြင့် အများဆုံးရရှိခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်လကျော် ကာလအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာသန်း ၅၅၀ ကျော်ဖြင့် အများဆုံးရရှိခဲ့
Published 30 May 2016
မင်းသီဟဇော်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မေ ၂၀ ရက်အထိ တစ်လကျော် ကာလအတွင်း အိမ်နီးချင်းလေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု  ဆောင်ရွက်ရာတွင် တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၅၅၀ ကျော်ဖြင့် အများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ်၊ ကျိုင်းတုံ စသည့် နယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းများမှ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၅၅၇ သန်းကျော် ရှိပြီး မူဆယ်စခန်း တစ်ခုတည်းမှ ကုန်သွယ်မှုမှာ ဒေါ်လာ သန်း ၄၆၀ ကျော် ရှိကြောင်း သိရသည်။
 
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းလေးနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၆၇၈ သန်းကျော် ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံမှ ထွက်သည့် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ တင်ပို့နေသည့်အပြင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြန်မာထိုင်း နယ်စပ်ရှိ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ၊ မောင်တော၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူး၊ ရိဒ်အစရှိသည့် နယ်စပ်စခန်းများမှလည်း ကုန်သွယ်မှု ဆောင်ရွက်နေကြောင်း သိရသည်။ 
 
မြန်မာ-တရုတ် တရားဝင်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ကုန်သွယ်မှုပမာဏ မြင့်မားသော်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ တရားမဝင် ဝင်/ထွက်ပေါက်များမှ မြန်မာနိုင်ငံမှ သယံဇာတများကို တရုတ်ဘက်သို့ တရားမဝင် တင်ပို့မှုများရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ တရားမဝင် ဝင်/ထွက်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံမှ နွားအရှင်၊ မြွေအရှင်၊ လိပ်အရှင်များ၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ တရားမဝင် တင်ပို့မှုများရှိခဲ့ပြီး မြန်မာနိုင်ငံတွင်းသို့ တစ်ဖက်နိုင်ငံမှ မော်တော်ယာဉ်အပိုပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ အလှကုန်မျိုးစုံ၊ ဘီယာ၊ ဒီဇယ်၊ အဝတ်အထည်မျိုးစုံ၊ လျှပ်စစ်ပစ္စည်းများ၊ ဟန်းဆက် များအား ရှောင်ကွင်းလမ်းများမှ တရားမဝင် သယ်ဆောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။          

Most Read

Most Recent