ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းချနေမှုနှင့် ဥပဒေပြင်ပ လုပ်ကိုင်နေမှုများကို အမြန်ဆုံး အရေးယူပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းချနေမှုနှင့် ဥပဒေပြင်ပ လုပ်ကိုင်နေမှုများကို အမြန်ဆုံး အရေးယူပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို တင်သွင်း
Published 29 May 2016
ကျော်ထင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းချနေမှုများနှင့် ဥပဒေပြင်ပ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အမြန်ဆုံး အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို မေ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တင်သွင်းခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အတော်များများတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းချနေမှုများ ရှိကြောင်း၊ ပညာသင်ကြားရမည့် လူငယ်အချို့မှာလည်း မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေကြောင်း၊ အချို့မှာ သုံးစွဲသူတင် မကဘဲ ဖြန့်ဖြူးနေသူ အဖြစ်ပါ လှုပ်ရှားနေကြသည်ကို ကြားသိထားရကြောင်း၊ ယင်းသို့ လှုပ်ရှားနေသူများထဲတွင် ဆယ်ကျော်သက်အရွယ် လူငယ် အများစု ဖြစ်နေပြီး မိန်းကလေးများပင် ပါဝင်နေကြောင်း သိထားရသည်ဟု ဦးဝေဖြိုးဟန်က အဆိုတင်သွင်းရာတွင် ပြောကြားသည်။“ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေ ၁ ရက်က စတင်တဲ့ ရက် ၁၀၀ စီမံချက် အတွင်းမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အထူးစီမံချက် အနေဖြင့် ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ဒီကိစ္စတွေဟာ ရက် ၁၀၀ စီမံချက် အတွင်းမှာသာ အရေးယူ ဆောင်ရွက်ရမှာ မဟုတ်ဘဲ အခြား အချိန်တွေမှာလည်း အရေးယူရမှာ ဖြစ်ပါတယ်။ ရပ်ကွက်တွေထဲမှာ လိုင်စင်မဲ့ အရက်ဆိုင်တွေ၊ ဘီယာဆိုင် ဖွင့်လှစ်မှုတွေ ရှိနေပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေ အနေနဲ့ အရက်၊ ဘီယာကို အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်ခြင်းဟာ ကောင်းမွန်တဲ့ အကျိုးဆက် မဟုတ်ပါဘူး။ ရပ်ကွက်တွေထဲမှာပင် လူငယ်တွေ ပတ်ဝန်းကျင်၊ စာသင်ကျောင်း ပတ်ဝန်းကျင်တွေမှာ အရက်ဆိုင်၊ ဘီယာဆိုင်တွေ မှိုလိုပေါက်နေခြင်းဟာ အသက်မပြည့်သေးတဲ့ လူငယ်တွေအတွက် အတုမြင် အတတ်သင်ဖို့ အင်မတန်ကို စိုးရိမ်နေပါတယ်။ အကျိုးဆက် အနေဖြင့် မူးယစ်ရမ်းကားမှုတွေ ရှိလာမယ်။ ဒီထက် ဆိုးရွားလာတဲ့ အခါမှာ မုဒိမ်းမှု၊ လူသတ်မှုတွေ အထိပင် ဖြစ်လာတာ တွေ့ရပါတယ်။ ဒါတွေကို အချိန်မီဖြေရှင်း ထိန်းသိမ်းသွားဖို့ လိုပါတယ်” ဟု ဦးဝေဖြိုးဟန်က ပြောကြားသည်။“နောက်တစ်ချက်ကတော့ အနယ်နယ် အရပ်ရပ်က မသိနားမလည်တဲ့ အမျိုးသမီးတွေကို ဖြားယောင်းသွေးဆောင်ပြီး လည်းကောင်း၊ ငွေဖြင့် မြူဆွယ်ပြီး လည်းကောင်း အလုပ်အကိုင် ကောင်းကောင်း ရမယ်လို့ အယုံသွင်းပြီး ခေါ်လာ။ ဒီရောက်တော့ တရားမဝင် အနှိပ်ခန်းတွေကို ပို့။ တစ်ဖက်နိုင်ငံအထိ ကုန်ကူးခံရတဲ့ အခြေအနေတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေပါတယ်။ ၂၀၁၆ ခုနှစ် တစ်နိုင်ငံလုံး လူကုန်ကူးမှု စာရင်းတွေအရ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားရာနေရာမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ရန်ကုန်တိုင်းဟာ ဒုတိယ အများဆုံး ဖြစ်ပွားရာ နေရာ ဖြစ်နေပါတယ်။ ဒီထက်ဆိုးတာက အမျိုးသမီးတွေကို ပြည့်တန်ဆာ လုပ်ငန်းတွေမှာ အတင်းအဓမ္မ လုပ်ကိုင်စေခိုင်း ခံရတာတွေလည်း ရှိနေပါတယ်” ဟု ဦးဝေဖြိုးဟန်က ဆက်လက် ပြောကြားသည်။အချို့သော နေရာများတွင် ဥပဒေမဲ့လုပ်ရပ် ကျူးလွန်သူများသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်းများကိုပင် ဂရုမစိုက်ဘဲ အုပ်စုဖွဲ့ ရမ်းကားနေကြကြောင်း ဦးဝေဖြိုးဟန်က ပြောကြားသည်။“ယခင် အစိုးရ လက်ထက်က မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်လို့ အမြစ်ပြတ် သုတ်သင် ရှင်းလင်းနိုင်ခဲ့ခြင်း မရှိဘဲ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေကိုသာ ဖမ်းဆီး ထိန်းသိမ်းနိုင်ပါတယ်။ ယနေ့ ပြည်သူဗဟိုပြု ပြည်သူ့အစိုးရ လက်ထက်မှာ ထိရောက် လျင်မြန်စွာ အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။ရန်ကုန်တိုင်းအတွင်း များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို ကြည့်မည် ဆိုပါက မူးယစ်ဆေးဝါး သုံးစွဲမှု၊ အရက်သေစာ အလွန်အကျွံ သောက်သုံးမှုများနှင့် ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ ကျူးလွန်ရန် ခက်ခဲသည့် ရာဇဝတ်မှုများကိုပင် လက်ရဲဇက်ရဲ ကျူးလွန်နေကြသည့် ဖြစ်စဉ်များသည် အသိစိတ် ပျောက်ဆုံးစေသည့် မူးယစ်ဆေးဝါးများ၊ အရက်သေစာ အလွန်အကျွံ သုံးစွဲ သောက်သုံးနေမှုများသည် အကြောင်းရင်း တစ်ရပ် အနေနှင့် အသေအချာ ပါဝင်နေသည်ဟု ယူဆ၍ ရကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးများကို ကွန်တိန်နာလိုက် ဖမ်းမိပြီး တရားခံများ ရှာဖွေ တွေ့ရှိမှု မရှိ ဆိုသည့် သတင်းများမှာလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ဂုဏ်သိက္ခာနှင့် ဥပဒေကို ထိခိုက်စေသည့် အမှုကိစ္စများအဖြစ် ရှိနေပါ၍ ယင်းအဆိုကို ထောက်ခံကြောင်း ပြောကြားသည်။ယခင်အစိုးရ လက်ထက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွရူးသွပ်ဆေးပြားမှု ဖမ်းဆီးရမိမှု အပါအဝင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ် အများအပြား ရှိခဲ့သည်။          

Most Read

Most Recent