၂၀၁၆ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံ တစ်ဝန်း အကျဉ်းထောင်များတွင် အကျဉ်းကျခံ နေရသည့် နိုင်ငံရေး အကျဉ်းသား ၆၄ ဦးအထိ ရှိပြီး လယ်သမားများ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၃၈ ဦး တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ဧပြီလအတွက် နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။AAPP က ပြုစုထားသည့် အဆိုပါ အစီရင်ခံစာတွင် “၂၀၁၆ ခုနှစ် ဧပြီလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၆၄ ဦး အကျဉ်းကျခံနေရသည်။ လယ်သမား ၃၀ အပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၁၃၈ ဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိတွင် တရားရင်ဆိုင်နေရပြီး ထိုအထဲမှ ၄၃ ဦးသည် ထောင်တွင်းမှနေ၍ အမှု ရင်ဆိုင်နေရသည်” ဟု ဖော်ပြထားသည်။ထို့ပြင် ၎င်းအစီရင်ခံစာတွင် ဧပြီလအတွင်း အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၃၅ ဦးသည် သမ္မတ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း၊ တက်ကြွ လှုပ်ရှားသူ နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၆ ဦး ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ ၂၅ ဦး တရားစွဲဆိုခံခဲ့ရကာ ယင်းတို့အနက် ၁၂ ဦးသည် လယ်သမားများ ဖြစ်သည်ဟု ဖော်ပြထားသည်။သို့သော် ဧပြီလတွင် လွတ်ငြိမ်းသက်သာခွင့်များ ပေးခဲ့သော်လည်း နိုင်ငံတွင်းရှိ တရားရုံးများသည် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ ဖြင့် ပြစ်ဒဏ်များကို ဆက်လက် ချမှတ်ခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆက်လက် ဖော်ပြထားသည်။ထိုအမှုများမှာ ရခိုင်လက်နက်အဖွဲ့ (AA) နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရခြင်းကြောင့် ရခိုင်လူငယ် ၁၃ ဦးသည် ဧပြီလတွင် ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ယင်းတို့အနက် သုံးဦးသည် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီ ၁၇ ရက်က လွတ်မြောက်လာခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။ထို့ပြင် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရသော ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားသူများ ဖြစ်ကြသည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့သည်လည်း ဧပြီလတွင် ထောင်ဒဏ် နှစ်နှစ် ထပ်တိုးပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။
အစိုးရသစ် လက်ထက် လွတ်ငြိမ်းခွင့်များ ပေးခဲ့သော်လည်း ဧပြီလကုန်အထိ အကျဉ်း ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၆၄ ဦးရှိပြီး လယ်သမားများ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၃၈ ဦး တရား ရင်ဆိုင်နေရဆဲဟု AAPP ထုတ်ပြန်















