မြန်မာအသင်းမှာ တိုးတက်မှုများစွာ ရှိလာကြောင်း မလေးရှား နည်းပြချုပ် ကင်မ်ဆွီး သုံးသပ်၊ နိုင်ပွဲများ ပြန်လည်ရရှိရန် တိုက်စစ်ပိုင်း ဂိုးသွင်းသေချာရန်လိုကြောင်း ရန်အောင်ကျော် ပြောကြား

မြန်မာအသင်းမှာ တိုးတက်မှုများစွာ ရှိလာကြောင်း မလေးရှား နည်းပြချုပ် ကင်မ်ဆွီး သုံးသပ်၊ နိုင်ပွဲများ ပြန်လည်ရရှိရန် တိုက်စစ်ပိုင်း ဂိုးသွင်းသေချာရန်လိုကြောင်း ရန်အောင်ကျော် ပြောကြား
Published 28 May 2016

နိုင်ငံတကာ ပြိုင်ပွဲများအတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် မလေးရှား လက်ရွေးစင် အသင်းတို့ မေ ၂၈ ရက် (ယနေ့) ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည် ဖြစ်ကြောင်း သိရသည်။ မလေးရှားအသင်း နည်းပြချုပ် ကင်မ်ဆွီးက ခြေစမ်းပွဲ ကစားမည့်  မြန်မာအသင်းမှာ တိုးတက်မှုများစွာ ရှိလာကြောင်း ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ကင်မ်ဆွီးက “ကျွန်တော်တို့ အသင်းအနေနဲ့ အာရှဖလား ခြေစစ်ပွဲ Play-off အဆင့်အတွက် ပြင်ဆင်နေတာဖြစ်တာကြောင့် အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်မှာပါ။ မြန်မာအသင်းနဲ့ ခြေစမ်းပွဲဟာ တီမောနဲ့ ကစားရမယ့် အာရှဖလား ခြေစစ်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှု ဖြစ်လာမှာပါ။ ဒီလိုပြောတဲ့အတွက် မြန်မာအသင်းကို တီမောအသင်းနဲ့ တစ်တန်းတည်း သတ်မှတ်တာ မဟုတ်ပါဘူး။ မြန်မာအသင်းဟာ တိုးတက်မှုများစွာ ရှိလာတဲ့ အသင်းဖြစ်ပြီး ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ အသင်းကတော့ ဆူဇူကီး ဖလားပြိုင်ပွဲအတွက် မပြင်ဆင်နိုင်သေးဘဲ လတ်တလော ယှဉ်ပြိုင်ရမယ့် အာရှဖလား ခြေစစ်ပွဲ အတွက်ပဲ ပြင်ဆင်နေတာပါ” ဟု ပြောကြားခဲ့သည်။မြန်မာ အသင်းနှင့် မလေးရှား အသင်းတို့၏ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို မေ ၂၇ ရက် ညနေပိုင်းက သုဝဏ္ဏ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အသင်း နည်းပြချုပ်များနှင့် အသင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ မြန်မာ အသင်းခေါင်းဆောင် ရန်အောင်ကျော်က နိုင်ပွဲပြန်လည် ရရှိရန်အတွက် တိုက်စစ်ပိုင်း ဂိုးသွင်းသေချာရန် လိုကြောင်း ပြောကြားခဲ့သည်။ “ဂတ်ဖရိုင်းဒရစ် လက်ထက်မှာ အသင်းကစားပုံ တိုးတက်လာပေမယ့် ဂိုးမရတာကတော့ ကစားသမားတွေနဲ့ပဲ ဆိုင်ပါတယ်။ နိုင်ပွဲရရှိဖို့ တိုက်စစ်ပိုင်း ဂိုးသွင်း သေချာဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။